ယေရုရှလင်မြို့ရှိအသင်းတော်သို့ ပေတရုအစီရင်ခံခြင်း
၁၁
၁ လူမျိုးခြားများသည်လည်းဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုခံယူကြကြောင်း ယုဒပြည်ရှိတမန်တော်များနှင့်ညီအစ်ကို များကြားသိကြ၏။-
၂ ယေရုရှလင်မြို့သို့ပေတရုရောက်လာသော အခါ လူမျိုးခြားတို့အားအရေဖျားလှီး မင်္ဂလာပေးခြင်းကိုလိုလား သူတို့သည် ပေတရုနှင့်ဆွေးနွေးငြင်းခုံကြ၏။-
၃ သူတို့က ``သင်သည်အရေဖျားလှီးမင်္ဂလာ ကို မခံမယူသူလူမျိုးခြားများထံလည် ပတ်၍ သူတို့နှင့်အတူစားသောက်ပါသည် တကား'' ဟုဆိုကြ၏။-
၄ သို့ဖြစ်၍ပေတရုသည်သူတို့အား ဖြစ်ပျက် ခဲ့သမျှသောအကြောင်းအရာတို့ကိုအစ မှအဆုံးတိုင်အောင်ရှင်းလင်းပြောပြ၏။
၅ ပေတရုက ``ငါသည်ယုပ္ပေမြို့တွင်ဆုတောင်း ပတ္ထနာပြုလျက်နေစဉ် ဗျာဒိတ်ရူပါရုံကို မြင်ရ၏။ ရွက်ထည်ကြီးနှင့်တူသောအရာ တစ်ခုကိုထောင့်လေးထောင့်မှကိုင်၍ မိုး ကောင်းကင်မှချပေးသည်ကိုမြင်ရ၏။-
၆ ထိုအရာသည်ငါ့အနီးသို့ရောက်ရှိလာ၏။ သေချာစွာကြည့်ရှုလိုက်သောအခါခြေလေး ချောင်းသတ္တဝါများ၊ သားရဲများ၊ တွားတတ် သောသတ္တဝါများနှင့်ကောင်းကင်ငှက်များ ကိုမြင်ရ၏။-
၇ ထိုနောက် `ပေတရုထလော့၊ သတ်စားလော့' ဟု ဆိုသောအသံကိုငါကြားရ၏။-
၈ သို့ရာတွင်ငါက `သခင်ဘုရား၊ အဘယ်နည်း နှင့်မျှမဖြစ်နိုင်ပါ။ အကျွန်ုပ်သည်ညစ်ညမ်း သောအရာ၊ သို့မဟုတ်မသန့်စင်သောအရာ ကိုအဘယ်အခါ၌မျှမစားဘူးပါ' ဟု ပြန်၍လျှောက်၏။-
၉ ထိုနောက်ကောင်းကင်အသံတော်က`ဘုရားသခင် သန့်စင်သည်ဟုဆိုသည့်အရာကို သင်သည်ညစ် ညမ်းသည်ဟုမဆိုရ' ဟူ၍မိန့်တော်မူ၏။-
၁၀ ဤသို့သုံးကြိမ်တိုင်တိုင်ဖြစ်ပျက်ပြီးနောက် ထိုအရာခပ်သိမ်းတို့ကိုမိုးကောင်းကင်သို့ ပြန်လည်ရုပ်သိမ်းသွားလေ၏။-
၁၁ ထိုနောက်ငါရှိရာအိမ်သို့လူသုံးယောက် ရုတ်တရက်ရောက်ရှိလာ၏။ သူတို့သည် ကဲသရိမြို့မှငါ့ထံသို့စေလွှတ်လိုက် သူများဖြစ်၏။-
၁၂ ဝိညာဉ်တော်ကထိုသူတို့နှင့်အတူမဆိုင်း မတွလိုက်သွားရန် ငါ့အားအမိန့်ရှိတော်မူ၏။ ယုပ္ပေမြို့မှညီအစ်ကိုခြောက်ယောက်တို့သည်လည်း ငါနှင့်အတူလိုက်ခဲ့ကြ၏။ ငါတို့အားလုံး ပင်ကော်နေလိ၏အိမ်သို့ဝင်ကြ၏။-
၁၃ ကော်နေလိကမိမိ၏အိမ်တွင်ကောင်းကင် တမန်တစ်ပါးရပ်လျက်`ယုပ္ပေမြို့သို့လူလွှတ် ၍ရှိမုန်ပေတရုဟုခေါ်သောသူကိုပင့် ဖိတ်လော့။-
၁၄ ထိုသူသည်သင်နှင့်အိမ်သူအိမ်သားများအား ကယ်တင်ခြင်းရရာရကြောင်းတရားစကား များကိုဟောပြောလိမ့်မည်' ဟူ၍မြွက်ဆို ကြောင်းကိုငါတို့အားပြောကြ၏။-
၁၅ ထိုနောက်ငါသည်စ၍စကားပြောသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည်အထက်ကငါ တို့အပေါ်သို့သက်ရောက်တော်မူသည်နည်းတူ ထိုသူတို့အပေါ်သို့လည်းသက်ရောက်တော် မူ၏။-
၁၆ ထိုအခါ `ယောဟန်သည်ရေဖြင့်ဗတ္တိဇံမင်္ဂလာ ကိုပေး၏။ သို့ရာတွင်သင်တို့သည်သန့်ရှင်းသော ဝိညာဉ်တော်ဖြင့်ဗတ္တိဇံမင်္ဂလာခံရကြလိမ့် မည်' ဟူသောသခင်ဘုရား၏စကားတော် ကိုငါသည်ပြန်၍သတိရ၏။-
၁၇ ဘုရားသခင်သည်သခင်ယေရှုကိုယုံကြည်သူ ငါတို့အားပေးသနားတော်မူသောဆုကျေးဇူး ကို ထိုလူမျိုးခြားတို့အားလည်းပေးတော်မူ ကြောင်းထင်ရှား၏။ သို့ဖြစ်၍ငါသည်အဘယ် သို့သောသူဖြစ်၍ဘုရားသခင်ကိုဆီးတား နိုင်ပါမည်နည်း'' ဟုဆို၏။
၁၈ ထိုစကားကိုကြားသောအခါ ထိုသူတို့သည် ပြစ်တင်ဝေဖန်မှုကိုမပြုကြတော့ဘဲ ``ဘုရား သခင်သည်လူမျိုးခြားတို့အားလည်း နောင်တရ ၍အသက်ရှင်ခွင့်ကိုပေးတော်မူပါသည်တကား'' ဟုဆို၍ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး ကြ၏။
အန္တိအုတ်မြို့ရှိအသင်းတော်
၁၉ သခင်ယေရှုကိုယုံကြည်သူတို့သည် သတေဖန် အသတ်ခံရချိန်၌ဖြစ်ပေါ်လာသောနှိပ်စက် ညှဉ်းဆဲမှုကြောင့် အရပ်ရပ်သို့ကွဲလွင့်သွား ကြ၏။ ထိုသူအချို့တို့သည်ဖိနိတ်ပြည်၊ ကုပရုကျွန်း၊ အန္တိအုတ်မြို့သို့တိုင်အောင် ရောက်ရှိကြ၏။ သူတို့သည်ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုယုဒအမျိုး သားတို့အားသာဟောပြောကြ၏။-
၂၀ သို့ရာတွင်သူတို့အထဲတွင်သခင်ယေရှု ကိုယုံကြည်သူ ကုပရုပြည်သားနှင့်ကုရေ နေပြည်သားအချို့ပါ၏။ သူတို့သည်အန္တိ အုတ်မြို့သို့သွား၍ လူမျိုးခြားတို့အားလည်း သခင်ယေရှု၏အကြောင်းသတင်းကောင်း ကိုဟောပြောကြေညာကြ၏။-
၂၁ သူတို့သည်သခင်ဘုရား၏တန်ခိုးတော် ကိုခံယူရသဖြင့် လူအမြောက်အမြား ပင်ယုံကြည်၍သခင်ဘုရားထံပြောင်းလဲ လာကြ၏။
၂၂ ဤသတင်းကိုယေရုရှလင်မြို့ရှိအသင်း တော်ကြားလျှင် ဗာနဗအားအန္တိအုတ်မြို့ သို့စေလွှတ်ကြ၏။-
၂၃ သူသည်ထိုမြို့သို့ရောက်၍လူတို့အား ဘုရား သခင်အဘယ်သို့ကောင်းချီးပေးတော်မူသည် ကိုမြင်သောအခါ ရွှင်လန်းဝမ်းမြောက်သဖြင့် သခင်ဘုရားအားစိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစား၍ သစ္စာစောင့်ကြရန်တိုက် တွန်းနှိုးဆော်လေသည်။-
၂၄ ဗာနဗသည်သူတော်ကောင်းဖြစ်၍သန့်ရှင်း သောဝိညာဉ်တော်နှင့်လည်းကောင်း၊ ယုံကြည် ခြင်းနှင့်လည်းကောင်းပြည့်ဝသဖြင့်များစွာ သောသူတို့အားသခင်ဘုရားကိုယုံကြည် စေ၏။
၂၅ ထိုနောက်ဗာနဗသည်ရှောလုကိုရှာရန် တာရှုမြို့သို့သွား၏။-
၂၆ သူ့ကိုတွေ့လျှင်အန္တိအုတ်မြို့သို့ခေါ်ခဲ့၏။ သူတို့ နှစ်ဦးသည်တစ်နှစ်ပတ်လုံးအသင်းတော်ဝင်တို့ နှင့်တွေ့ဆုံ၍ များစွာသောလူပရိသတ်တို့ကို သွန်သင်ကြ၏။ တပည့်တော်တို့သည်ပထမဆုံး အကြိမ်ခရစ်ယာန်ဟုခေါ်ဝေါ်သမုတ်ခြင်းခံ ကြရသည့်အရပ်မှာအန္တိအုတ်မြို့ဖြစ်သတည်း။
၂၇ ထိုအခါကာလ၌ပရောဖက်အချို့တို့သည် ယေရုရှလင်မြို့မှအန္တိအုတ်မြို့သို့လာကြ၏။-
၂၈ ထိုသူတို့အနက်အာဂဗုနာမည်ရှိသောသူသည် သန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ချက်အရ ထ၍ ကမ္ဘာတစ်ဝှမ်းလုံးတွင်အစားအစာငတ် မွတ်ခေါင်းပါးခြင်းဘေးကြီးသင့်လိမ့်မည်ဟု ဟောပြောလေ၏။ (ဧကရာဇ်ဘုရင်ကလောဒိ လက်ထက်၌ အကယ်ပင်ဤသို့ငတ်မွတ်ခေါင်း ပါးခဲ့သတည်း။)-
၂၉ တပည့်တော်တို့သည်အသီးသီးတတ်နိုင်သမျှ အတိုင်း ယုဒပြည်ရှိညီအစ်ကိုများအားကူညီ ထောက်ပံ့ရန်ဆုံးဖြတ်ကြ၏။-
၃၀ ဤသို့ဆုံးဖြတ်ကြပြီးနောက်ထောက်ပံ့ငွေ များကိုဗာနဗနှင့်ရှောလုမှတစ်ဆင့် ယေရု ရှလင်မြို့အသင်းတော်လူကြီးများထံသို့ ပေးပို့ကြ၏။