မောဘပြည်၌ဣသရေလအမျိုးသားတို့နှင့် ထာဝရဘုရားပြုတော်မူသောပဋိညာဉ်
၂၉
၁ သိနာတောင်ပေါ်တွင်ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့နှင့်ပဋိညာဉ် ပြုပြီးသည့်အပြင် ယခုတစ်ဖန်မောဘပြည် ၌မောရှေအားဖြင့် ဣသရေလအမျိုးသား တို့နှင့်ပဋိညာဉ်ပြုတော်မူသည်။
၂ မောရှေသည်ဣသရေလအမျိုးသား အပေါင်းတို့ကို ဆင့်ခေါ်၍``ထာဝရဘုရား သည်အီဂျစ်ပြည်တွင် ဖာရောဘုရင်နှင့်သူ ၏အရာရှိများအပါအဝင် တစ်တိုင်းပြည် လုံးကိုမည်ကဲ့သို့ဒဏ်ခတ်ခဲ့တော်မူကြောင်း သင်တို့ကိုယ်တိုင်တွေ့မြင်ခဲ့ရကြသည်။-
၃ သင်တို့သည်ကြောက်မက်ဖွယ်သောကပ် ရောဂါများနှင့် ထာဝရဘုရားပြတော် မူသောအံ့သြဖွယ်ရာတန်ခိုးနိမိတ်လက္ခ ဏာတော်များကိုလည်းမြင်ခဲ့ရကြသည်။-
၄ သို့ရာတွင်သင်တို့တွေ့ကြုံခဲ့ရသမျှ ကိုသဘောပေါက်နားလည်နိုင်သည့်ဉာဏ်ကို ယနေ့တိုင်အောင်ထာဝရဘုရားသည် သင်တို့အားပေးတော်မမူ။-
၅ ထာဝရဘုရားသည်သင်တို့အားနှစ်ပေါင်း လေးဆယ်ပတ်လုံး တောကန္တာရခရီးဖြင့်ပို့ ဆောင်တော်မူခဲ့စဉ်အတွင်း သင်တို့၏အဝတ် အင်္ကျီများမဟောင်းမနွမ်း၊ သင်တို့၏ဖိနပ် များလည်းမစုတ်မပြတ်ခဲ့ရ။-
၆ သင်တို့တွင်စားစရာအစာ၊ သောက်စရာ စပျစ်ရည်နှင့်သေရည်သေရက်မရှိခဲ့ ကြ။ သို့ရာတွင်ထာဝရဘုရားသည်သင် တို့၏ဘုရားသခင်ဖြစ်တော်မူကြောင်း သင်တို့အားသွန်သင်ရန်သင်တို့လိုသမျှ ကိုပေးတော်မူသည်။-
၇ ဤအရပ်သို့ငါတို့ရောက်ရှိသောအခါ ဟေရှဘုန်ဘုရင်ရှိဟုန်နှင့်ဗာရှန်ဘုရင် သြဃတို့သည်ထွက်၍ ငါတို့အားတိုက် ခိုက်ခဲ့ကြသည်။ သို့ရာတွင်ငါတို့သည် သူ တို့ကိုတိုက်ခိုက်အောင်မြင်သဖြင့်၊-
၈ သူတို့၏ပြည်ကိုသိမ်းယူ၍ရုဗင်အနွယ်၊ ဂဒ်အနွယ်နှင့်မနာရှေ၏အနွယ်တစ်ဝက် တို့အားခွဲဝေပေးခဲ့သည်။-
၉ သင်တို့ပြုလေသမျှတို့၌အောင်မြင်ရန် ယခုပြုမည့်ပဋိညာဉ်ပါအချက်ရှိ သမျှတို့ကိုလိုက်နာရန်သတိပြုကြ လော့။
၁၀-၁၁ ``ယနေ့တွင်သင်တို့၏ခေါင်းဆောင်များ၊ အရာရှိများ၊ အမျိုးသားအမျိုးသမီးများ နှင့် ကလေးများ၊ သင်တို့အတွက်သစ်ခုတ်ရေ သယ်သမားများဖြစ်ကြသောသင်တို့နှင့် အတူ နေထိုင်သည့်လူမျိုးခြားများမှစ၍ သင်တို့အားလုံးသည် ဘုရားသခင်ထာဝရ ဘုရားရှေ့တော်၌ရပ်လျက်ရှိနေကြ၏။-
၁၂ သင်တို့အပေါင်းသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားနှင့် ယနေ့သစ္စာဆို ၍ပဋိညာဉ်ပြုရကြမည်။-
၁၃ သို့မှသာထာဝရဘုရားသည်သင်တို့ နှင့်သင်တို့၏ဘိုးဘေးများဖြစ်ကြသော အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားကတိ ရှိတော်မူသည့်အတိုင်း သင်တို့ကိုထာဝရ ဘုရား၏လူမျိုးတော်အဖြစ်အတည်ပြု တော်မူမည်။ ထာဝရဘုရားသည်လည်း သင် တို့၏ဘုရားသခင်ဖြစ်တော်မူမည်။-
၁၄ ထာဝရဘုရားသည်သင်တို့နှင့်သာ ဤ ပဋိညာဉ်ဤသစ္စာကိုပြုတော်မူသည် သာမက၊-
၁၅ ကိုယ်တော်၏ရှေ့တော်တွင်ယနေ့ရပ်နေ ကြသောငါတို့အပေါင်းနှင့်သော်လည်း ကောင်း၊ ယခုငါတို့နှင့်အတူမရှိသေး သောနောင်လာနောက်သားတို့နှင့်သော် လည်းကောင်းပြုတော်မူ၏။
၁၆ ``အီဂျစ်ပြည်၌လည်းကောင်း၊ အခြားလူ မျိုးတို့၏နယ်မြေကိုဖြတ်သန်းသွားရာ ၌လည်းကာင်း၊ ငါတို့၏ဘဝအတွေ့ အကြုံကိုသင်တို့သိကြ၏။-
၁၇ သူတို့၏ရွံရှာဖွယ်သောသစ်သားရုပ်တု၊ ကျောက်ရုပ်တု၊ ငွေရုပ်တု၊ ရွှေရုပ်တုများ ကိုလည်းသင်တို့မြင်ကြ၏။-
၁၈ ဤနေရာ၌ယနေ့ရပ်နေကြသောသူတို့ တွင်မည်သည့်ယောကျာ်းသို့မဟုတ်မိန်းမ သော်လည်းကောင်း၊ မိသားစုသို့မဟုတ် အနွယ်သော်လည်းကောင်းငါတို့၏ဘုရားသခင်ထာဝရဘုရားကိုစွန့်၍ လူမျိုး ခြားတို့၏ဘုရားများကိုမကိုးကွယ် မိစေရန်သတိပြုကြလော့။ ထိုသို့ပြု မိလျှင် ခါး၍အဆိပ်ရှိသောအပင်ကို ဖြစ်ပွားစေသည့်အမြစ်သဖွယ်ဖြစ် လိမ့်မည်။-
၁၉ ယနေ့ဤပညတ်များကိုကြားရပြီး နောက် မိမိအလိုအတိုင်းကျင့်မြဲကျင့်နေ သော်လည်း အစစအရာရာ၌အဆင် ပြေလိမ့်မည်ဟုစိတ်ချယုံကြည်သူမရှိ စေနှင့်။ သို့သော်သင်တို့တွင်ကောင်းသူဆိုး သူမကျန် အားလုံးပျက်စီးဆုံးရှုံးရ လိမ့်မည်။-
၂၀ ထာဝရဘုရားသည်ထိုသို့ပြုသောသူ ကိုအပြစ်လွှတ်တော်မူလိမ့်မည်မဟုတ်။ ထာဝရဘုရားသည်ထိုသူအားပြင်းထန် စွာအမျက်တော်ထွက်သဖြင့် သူသည်ဤ ကျမ်းတွင်ရေးထားသောဘေးဒဏ်အပေါင်း ကိုခံရလျက်ဆုံးပါးပျက်စီးရလိမ့်မည်။-
၂၁ ဤပညတ်တွင်ရေးထားသောပဋိညာဉ်အ မင်္ဂလာများနှင့်အညီသူသည်ဘေးဒဏ် သင့်သဖြင့် ဣသရေလအနွယ်အပေါင်း တို့အတွက်သင်ခန်းစာယူစရာဖြစ် တော်မူလိမ့်မည်။
၂၂ ``နောင်အခါ၌သင်တို့၏နောင်လာနောက် သားများနှင့် ရပ်ဝေးတိုင်းနိုင်ငံများမှလူ မျိုးခြားတို့သည် သင်တို့ပြည်၌ထာဝရ ဘုရားကျရောက်စေတော်မူသောဘေးဒဏ် များနှင့် ဆင်းရဲဒုက္ခများကိုမြင်ရကြလိမ့် မည်။-
၂၃ လယ်မြေများတွင်ကန့်နှင့်ဆားပေါက်စေ သဖြင့် တောကန္တာရအတိဖြစ်လိမ့်မည်။ မည် သည့်အပင်ကိုမျှစိုက်ပျိုး၍မရ။ ပေါင်း ပင်များပင်လျှင်မပေါက်နိုင်။ သင်တို့ပြည် သည်ထာဝရဘုရားပြင်းစွာအမျက် ထွက်၍ ဖျက်ဆီးခဲ့သောသောဒုံနှင့်ဂေါ မောရမြို့၊ အာဒမာမြို့နှင့်ဇေဘိုင်မြို့ များကဲ့သို့ပျက်စီးလိမ့်မည်။-
၂၄ ထိုအခါအပြည်ပြည်ရှိလူမျိုးအပေါင်း တို့က `ထာဝရဘုရားသည်သူတို့၏ပြည် ကိုအဘယ်ကြောင့်ဖျက်ဆီးပစ်တော်မူ သနည်း။ အဘယ်ကြောင့်ဤမျှကြောက်မက် ဖွယ်အမျက်ထွက်တော်မူသနည်း' ဟုမေး ကြလိမ့်မည်။-
၂၅ အဖြေသည်ကား`ထာဝရဘုရားသည် သူ တို့၏ဘိုးဘေးတို့အားအီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့သောအခါ၌ သူတို့ဘိုးဘေး တို့နှင့်ပြုသောပဋိညာဉ်ကိုသူတို့ချိုး ဖောက်သောကြောင့်ဖြစ်၏။-
၂၆ သူတို့သည်ထာဝရဘုရားကမကိုးကွယ် ရန်တားမြစ်ထားသောဘုရားများဖြစ်သည့် ယခင်ကမကိုးကွယ်ဘူးသောဘုရားများ ကိုကိုးကွယ်ကြ၏။-
၂၇ ထိုကြောင့်ထာဝရဘုရားသည် ကိုယ်တော် ၏လူမျိုးတော်ကိုအမျက်ထွက်သဖြင့် ဤ ကျမ်းတွင်ဖော်ပြထားသောဘေးဒဏ် အပေါင်းတို့ကိုသူတို့ပြည်၌ကျရောက် စေတော်မူသည်။-
၂၈ ထာဝရဘုရားသည်အမျက်ပြင်းစွာထွက် တော်မူသဖြင့် သူတို့ကိုနေရင်းပြည်မှထုတ် ပယ်၍ တိုင်းတစ်ပါးသို့နှင်ပစ်တော်မူလိုက် ရာ ယနေ့တိုင်သူတို့သည်ထိုပြည်၌နေ ထိုင်လျက်ရှိကြ၏' ဟူ၍ဖြစ်သည်။
၂၉ ``ငါတို့ဘုရားသခင်ထာဝရဘုရား ထုတ်ဖော်မပြသောအကြောင်းအရာများ ရှိ၏။ သို့ရာတွင်ငါတို့အားထုတ်ဖော်ပြ သောအကြောင်းအရာဟူမူကား ပညတ် တရားတော်ဖြစ်သတည်း။ ငါတို့နှင့်ငါ တို့၏နောင်လာနောင်သားတို့သည် ထို ပညတ်တရားတော်ကိုအစဉ်အမြဲ စောင့်ထိန်းရကြမည်။