အဋ္ဌမဘေးဒဏ်
ကျိုင်းကောင်
၁၀
၁-၂ ထိုနောက်ထာဝရဘုရားက မောရှေအား``သင် သည်ဘုရင်ထံသို့သွားလော့။ ငါသည်အံ့ဖွယ် သောအမှုတို့ကို အီဂျစ်အမျိုးသားတို့တွင် ပြခြင်းငှာလည်းကောင်း၊ သူတို့အားပြသည့် အံ့ဖွယ်သောအမှုများအကြောင်းကို သင် တို့၏သားမြေးတို့အားပြောပြနိုင်ခြင်း ငှာလည်းကောင်း ငါသည်ဘုရင်နှင့်သူ၏ မှူးမတ်တို့ကိုခေါင်းမာစေ၏။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကိုသင်တို့ အားလုံးသိရလိမ့်မည်'' ဟုမိန့်တော်မူ၏။
၃ မောရှေနှင့်အာရုန်တို့သည် ဘုရင်ထံသို့သွား ၍ ``သင်သည်ငါ၏အမိန့်ကိုမည်မျှကြာအောင် မနာခံဘဲနေမည်နည်း။ ငါ၏လူမျိုးတော် သည်ငါ့အားဝတ်ပြုနိုင်ရန်သူတို့ကိုသွား ခွင့်ပြုလော့။-
၄ သင်သည်ငါ၏လူမျိုးတော်တို့အားသွားခွင့် မပေးလျှင် နက်ဖြန်နေ့၌ငါသည်သင်၏တိုင်း ပြည်တွင်ကျိုင်းကောင်များရောက်ရှိလာစေ မည်။-
၅ ထိုကျိုင်းကောင်တို့သည်မြေတစ်ပြင်လုံးကို ဖုံးလွှမ်းမည်။ ယင်းတို့သည်မိုးသီးဒဏ်ကြောင့် မပျက်စီးဘဲကျန်ရှိသမျှကိုကိုက်စား ကြလိမ့်မည်။ အပင်ရှိသမျှတို့ကိုလည်း စားပစ်ကြလိမ့်မည်။-
၆ သင်၏နန်းအဆောင်များ၊ မှူးမတ်တို့၏အိမ် များ၊ ပြည်သူအပေါင်းတို့၏အိမ်များထဲသို့ ကျိုင်းကောင်အုပ်များဝင်ရောက်လိမ့်မည်။ အီဂျစ် နိုင်ငံသမိုင်းတစ်လျှောက်တွင် ဤမျှလောက် ဆိုးရွားသောကပ်မျိုးကိုလူတို့တစ်ခါမျှ မတွေ့ကြုံခဲ့ရသေး' ဟုဟေဗြဲအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော် မူ၏'' ဟုဆိုလေ၏။ ထိုနောက်မောရှေသည် ဘုရင်ထံမှထွက်သွားလေ၏။
၇ မှူးမတ်တို့ကဘုရင်အား``ဤသူတို့သည် အကျွန်ုပ်တို့ကိုမည်မျှကြာအောင်ဒုက္ခရောက် စေပါမည်နည်း။ ထိုသူတို့သည်သူတို့၏ဘုရား ဖြစ်သောထာဝရဘုရားအား ဝတ်ပြုနိုင်ရန် သွားခွင့်ပေးတော်မူပါ။ အရှင်မင်းကြီး၊ ယခု ပင်အီဂျစ်ပြည်ပျက်စီးနေပြီမဟုတ်ပါ လော'' ဟုလျှောက်ကြ၏။
၈ ထို့ကြောင့်ဘုရင်သည် မောရှေနှင့်အာရုန်တို့ အားပြန်ခေါ်လျက်``သင်တို့ဘုရားဖြစ်သော ထာဝရဘုရားအားဝတ်ပြုရန်သွားကြ လော့။ သို့သော်မည်သူတို့သွားကြမည်နည်း'' ဟုမေးလေ၏။
၉ ထိုအခါမောရှေက``ထာဝရဘုရားအား ပူဇော်ပွဲကိုကျင်းပရမည်ဖြစ်သောကြောင့် ကျွန်ုပ်တို့၏လူကြီး၊ ကလေး၊ သားသမီး၊ သိုး နွားမှစ၍အားလုံးကိုခေါ်ဆောင်သွားရ ကြပါမည်'' ဟုလျှောက်လေ၏။
၁၀ ဘုရင်က``သင်တို့၏အမျိုးသမီးများနှင့် ကလေးများကို ခေါ်ဆောင်သွားခွင့်မပြုနိုင် ဟုထာဝရဘုရားကိုတိုင်တည်၍ငါဆို၏။ ပုန်ကန်ရန်ကြံစည်နေကြောင်းထင်ရှား၏။-
၁၁ သင်တို့၏အလိုပြည့်မည်ဆိုလျှင်အမျိုး သားများသာသွား၍ ထာဝရဘုရားအား ဝတ်ပြုကိုးကွယ်ကြစေ'' ဟုမိန့်တော်မူ၏။ ထိုနောက်အထံတော်မှသူတို့ကိုနှင်ထုတ် လေ၏။
၁၂ ထိုနောက်ထာဝရဘုရားကမောရှေအား``အီ ဂျစ်ပြည်သို့ကျိုင်းကောင်များရောက်ရှိလာစေ ရန်သင်၏လက်ကိုဆန့်လော့။ ကျိုင်းကောင်များ သည်ရောက်လာ၍မိုးသီးဒဏ်ကြောင့်မပျက် စီးဘဲ ကျန်ရှိနေသမျှသောအပင်တို့ကို စားပစ်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
၁၃ သို့ဖြစ်၍မောရှေသည်မိမိ၏တောင်ဝှေး ကိုကိုင်လျက် လက်ကိုဆန့်လိုက်ရာထာဝရ ဘုရားသည် ထိုနေ့နှင့်တစ်ညပတ်လုံးအရှေ့ ဘက်မှလေပြင်းတိုက်ခတ်စေတော်မူ၏။ နံနက်ရောက်သော်ထိုအရှေ့လေဖြင့် ကျိုင်းကောင်များရောက်ရှိလာကြ၏။-
၁၄ ကျိုင်းကောင်တို့သည်အုပ်လိုက်ရောက်ရှိလာ ၍ တစ်ပြည်လုံးပေါ်သို့ရောက်လေ၏။ ထိုမျှ လောက်များပြားသောကျိုင်းကောင်အုပ်များ သည်ရှေးကာလကမပေါ်စဖူး၊ နောင် အခါ၌လည်းပေါ်မည်မဟုတ်။-
၁၅ ကျိုင်းကောင်များသည်မြေတစ်ပြင်လုံးကို ဖုံးလွှမ်းသဖြင့် မြေပြင်သည်ကျိုင်းကောင်များ ဖြင့်မည်းနက်လျက်ရှိ၏။ ယင်းတို့သည်တိုင်း ပြည်၌မိုးသီးဒဏ်ကြောင့်မပျက်စီးဘဲ ကျန် ကြွင်းသမျှသောအပင်နှင့်သစ်သီးတို့ကို စားကြ၏။ အီဂျစ်ပြည်တစ်လျှောက်လုံးတွင် အပင်ကြီးငယ်တို့၌အရွက်စိမ်းဟူ၍ မကျန်တော့ချေ။
၁၆ ထိုအခါဘုရင်သည်မောရှေနှင့်အာရုန်တို့ ကို အလျင်အမြန်ခေါ်၍``ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားနှင့်သင်တို့ ကိုပြစ်မှားမိပါပြီ။-
၁၇ ယခုတစ်ကြိမ်ငါ၏အပြစ်ကိုလွှတ်၍ ဤကပ်ဆိုးကြီးကိုဖယ်ရှားပေးရန် သင်တို့ ၏ဘုရားသခင်ထာဝရဘုရားထံဆု တောင်းပတ္ထနာပြုပါလော့'' ဟုဆိုလေ၏။-
၁၈ မောရှေသည်ဘုရင်ထံမှထွက်ခဲ့၍ ထာဝရ ဘုရားထံဆုတောင်းပတ္ထနာပြုလေ၏။-
၁၉ ထာဝရဘုရားသည်အရှေ့လေကိုအနောက် လေပြင်းအဖြစ်သို့ပြောင်းလဲတိုက်ခတ်စေ သဖြင့် ကျိုင်းကောင်တို့ကိုလေနှင့်ဆောင်ယူပြီး လျှင်ပင်လယ်နီထဲသို့ကျစေ၏။ အီဂျစ်ပြည် တစ်လျှောက်လုံးတွင်ကျိုင်းကောင်တစ်ကောင် မျှမကျန်တော့ချေ။-
၂၀ သို့ရာတွင်ထာဝရဘုရားသည်ဘုရင်ကို ခေါင်းမာစေသဖြင့် သူသည်ဣသရေလ အမျိုးသားတို့အားသွားခွင့်မပြုဘဲနေ လေ၏။
နဝမဘေးဒဏ်
အမှောင်ထု
၂၁ ထိုနောက်ထာဝရဘုရားကမောရှေအား``အီ ဂျစ်ပြည်တွင်အလွန်ထူထပ်သောအမှောင်ထု ဖုံးလွှမ်းစေရန် သင်၏လက်ကိုကောင်းကင်သို့ ဆန့်လော့'' ဟုမိန့်တော်မူ၏။-
၂၂ မောရှေသည်မိမိလက်ကိုကောင်းကင်သို့ဆန့် သဖြင့် အီဂျစ်ပြည်တစ်လျှောက်လုံးတွင်သုံး ရက်မျှမှောင်အတိလွှမ်းလေ၏။-
၂၃ အီဂျစ်အမျိုးသားတို့သည်အချင်းချင်း တစ်ယောက်ကိုတစ်ယောက်မမြင်နိုင်ကြ သဖြင့် သုံးရက်ပတ်လုံးမည်သူမျှမိမိ နေအိမ်မှမထွက်ချေ။ ဣသရေလအမျိုး သားတို့နေထိုင်ရာအရပ်၌မူကား အလင်းရောင်ရှိ၏။
၂၄ ထိုအခါဘုရင်သည်မောရှေကိုခေါ်၍``ထာဝရ ဘုရားအားဝတ်ပြုရန်သွားကြလော့။ သင်တို့ ၏အမျိုးသမီးများနှင့်ကလေးများကိုလည်း သင်တို့နှင့်အတူသွားကြစေ။ သင်တို့၏ သိုး၊ ဆိတ်၊ နွားများကိုသာထားခဲ့ကြလော့'' ဟု ဆိုလေ၏။
၂၅ မောရှေက``ကျွန်ုပ်တို့၏ထာဝရဘုရားအား ပူဇော်ရန်ယဇ်ကောင်များရှိရပါမည်။-
၂၆ ထို့ကြောင့်ကျွန်ုပ်တို့၏တိရစ္ဆာန်များကို တစ်ကောင် မကျန်ယူဆောင်သွားရပါမည်။ ကျွန်ုပ်တို့သည် တိရစ္ဆာန်များကိုရွေး၍ ထာဝရဘုရားအား ပူဇော်ရပါမည်။ သို့ရာတွင်ထိုအရပ်သို့ရောက် မှမည်သည့်အကောင်ကိုရွေး၍ ပူဇော်ရမည် ကိုသိနိုင်ပါမည်'' ဟုလျှောက်လေ၏။
၂၇ ထာဝရဘုရားသည်ဘုရင်အားခေါင်းမာစေ သဖြင့် ဣသရေလအမျိုးသားတို့ကိုသွား ခွင့်မပြုဘဲနေပြန်၏။-
၂၈ ဘုရင်ကမောရှေအား``ငါ့ထံမှထွက်သွား လော့။ သင့်မျက်နှာကိုငါနောက်တစ်ဖန်မတွေ့ လို။ အကယ်၍တွေ့ခဲ့လျှင်သင်သေရမည်'' ဟုဆိုလေ၏။
၂၉ ထိုအခါမောရှေက``ကိုယ်တော်မိန့်တော်မူသည် အတိုင်း ကျွန်ုပ်သည်ကိုယ်တော်ထံသို့နောက်တစ် ဖန်မလာတော့ပါ'' ဟုလျှောက်လေ၏။