မောရှေထံသို့ယေသရောလာရောက်ခြင်း
၁၈
၁ မိဒျန်ပြည်မှယဇ်ပုရောဟိတ်ဖြစ်သူမောရှေ ၏ယောက္ခမယေသရောသည် ဣသရေလအမျိုး သားတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်တော်မူ ခဲ့စဉ်က မောရှေနှင့်ဣသရေလအမျိုးသား တို့အားထာဝရဘုရားမည်ကဲ့သို့ကျေးဇူး ပြုတော်မူကြောင်းကိုကြားသိရ၏။-
၂-၃ သို့ဖြစ်၍သူသည်ယောက္ခမအိမ်သို့ဇနီးဇိပေါရ ကိုစေလွှတ်ခဲ့ရာ ယေသရောသည်ဇိပေါရနှင့် သားနှစ်ယောက်ဖြစ်သော ဂေရရှုံနှင့်ဧလျေဇာ တို့ကိုလက်ခံ၏။ (မောရှေက``ငါသည်နိုင်ငံခြား ၌ဧည့်သည်ဖြစ်သည်'' ဟုဆို၍သားတစ်ယောက် ကိုဂေရရှုံဟုနာမည်ပေးခဲ့၏။-
၄ တစ်ဖန်``ငါ့အဖ၏ထာဝရဘုရားသည်ငါ့ ကိုအီဂျစ်ဘုရင်၏ဋ္ဌားဘေးမှကယ်တင်တော် မူ၏'' ဟုဆို၍အခြားသောသားတစ်ယောက် ကိုဧလျေဇာဟုနာမည်ပေးခဲ့၏။-)
၅ ယေသရောသည်မောရှေ၏ဇနီးနှင့်သား များတို့ကို တောကန္တာရရှိထာဝရဘုရား ၏တောင်တွင်စခန်းချလျက်ရှိသောမောရှေ ထံသို့ခေါ်ဆောင်လာ၏။-
၆ သူသည်မောရှေ၏ဇနီးနှင့်သားနှစ်ယောက် တို့နှင့်အတူ လာရောက်မည်ဖြစ်ကြောင်း မောရှေထံသတင်းပို့ခဲ့၏။-
၇ သို့ဖြစ်၍မောရှေသည်ထွက်လာ၍ယောက္ခမ ကိုဦးညွှတ်လျက်နမ်းရှုပ်ကြိုဆိုလေ၏။ သူ တို့အချင်းချင်းနှုတ်ခွန်းဆက်ကြပြီး နောက်မောရှေ၏တဲထဲသို့ဝင်ကြ၏။-
၈ မောရှေကထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ကိုကယ်တင်ရန်အလို့ငှါ အီဂျစ်ဘုရင်နှင့်အီဂျစ်အမျိုးသားတို့ အပေါ်ပြုတော်မူပုံအကြောင်းအရာအားလုံး ကို ယေသရောအားပြောပြ၏။ ထို့အပြင် ဣသရေလအမျိုးသားတို့ရင်ဆိုင်ခဲ့ရ သောအခက်အခဲများနှင့်တကွ ထာဝရ ဘုရားသည်ဣသရေလအမျိုးသားတို့ ကိုကယ်တင်ခဲ့ကြောင်းကိုပြောပြ၏။-
၉ ယေသရောသည်အီဂျစ်အမျိုးသားများ လက်မှ ဣသရေလအမျိုးသားတို့ကို ထာဝရဘုရားကယ်တင်တော်မူခဲ့သည့် သတင်းကိုကြားရလျှင် အလွန်ဝမ်းသာ အားရဖြစ်လေ၏။-
၁၀ ယေသရောက``အီဂျစ်အမျိုးသားတို့နှင့် အီဂျစ်ဘုရင်၏လက်မှ သင်တို့ကိုကယ်တင် တော်မူသောထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ ကျွန်ဘဝမှမိမိလူမျိုး တော်အား ကယ်တင်တော်မူသောထာဝရ ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းကြလော့။-
၁၁ ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အပေါ် မာနထောင်လွှားခဲ့သော အီဂျစ်အမျိုးသားတို့အပေါ်ပြုမူပုံ ကြောင့် ထာဝရဘုရားသည်ဘုရားအပေါင်း တို့ထက်ပို၍ဘုန်းတန်ခိုးကြီးတော်မူ ကြောင်းယခုငါသိပြီ'' ဟုဆို၏။-
၁၂ ထိုနောက်ယေသရောသည်ထာဝရဘုရား အားပူဇော်ရန် မီးရှို့ရာယဇ်နှင့်အခြားပူ ဇော်ရာယဇ်များကိုဆောင်ခဲ့၏။ အာရုန်နှင့် ဣသရေလအမျိုးသားခေါင်းဆောင်အပေါင်း တို့သည်ယေသရောနှင့်အတူ ထာဝရဘုရား ၏ရှေ့တော်၌အစားအစာသုံးဆောင်ရန် လာကြ၏။
တရားသူကြီးများကိုခန့်ထားခြင်း
(တရား၊ ၁:၉-၁၈)
၁၃ နောက်တစ်နေ့တွင်မောရှေသည်လူတို့၏ အမှုအခင်းများကို နံနက်ချိန်မှစ၍ မိုးချုပ်သည့်တိုင်အောင်စီရင်ရသည်။-
၁၄ လူတို့အတွက်မောရှေဆောင်ရွက်ရသမျှကို ယေသရောမြင်ရသောအခါမောရှေအား``သင် သည်ဤလူတို့အတွက်မည်သည့်အမှုကိစ္စကို ဆောင်ရွက်ပေးနေပါသနည်း။ အဘယ်ကြောင့် တစ်ယောက်တည်းဆောင်ရွက်နေပါသနည်း။ လူ အပေါင်းတို့သည်သင့်ထံ၌တစ်နေကုန်ရပ် လျက်စောင့်နေကြပါသည်တကား'' ဟုဆို လေ၏။
၁၅ မောရှေက``သူတို့သည်ဘုရားသခင်၏ အလိုတော်ကိုသိလို၍ ကျွန်ုပ်ထံသို့လာ ကြပါ၏။-
၁၆ လူနှစ်ဦး၌အငြင်းအခုံဖြစ်ပွားလျှင် ကျွန်ုပ် ၏အဆုံးအဖြတ်ကိုခံယူရန်ကျွန်ုပ်ထံသို့ လာကြပါသည်။ ကျွန်ုပ်သည်သူတို့အားဘုရားသခင်၏အမိန့်နှင့်ပညတ်တော်များကိုလိုက် နာရန် ပြောပြရပါသည်'' ဟုဖြေကြားလေ ၏။
၁၇ ထိုအခါယေသရောကမောရှေအား``သင် ပြုလုပ်နေပုံမှာမတော်မသင့်ပါ။-
၁၈ သင်နှင့်တကွဤသူအားလုံးတို့သည်ပင် ပန်းနွမ်းရိကြလိမ့်မည်။ ဤတာဝန်သည်သင့် အတွက်ကြီးလွန်းလှ၏။ သင်တစ်ဦးတည်း ထမ်းဆောင်နိုင်မည်မဟုတ်။-
၁၉ ငါသည်သင့်အားအကြံကောင်းပေးပါမည်။ ဘုရားသခင်သည်သင်နှင့်အတူရှိပါစေ သော။ သင်၏တာဝန်မှာလူတို့၏အငြင်းပွား မှုများကို သူတို့၏ကိုယ်စားဘုရားသခင် ထံတော်သို့တင်လျှောက်ပေးခြင်းမှာကောင်း ပေသည်။-
၂၀ သင်သည်သူတို့အားဘုရားသခင်၏အမိန့် နှင့်ပညတ်တော်များကိုသင်ကြားပေး၍ သူ တို့မည်ကဲ့သို့လိုက်နာကျင့်သုံးရမည်ကို ရှင်းလင်းပေးခြင်းမှာလည်းကောင်းပေ သည်။-
၂၁ သို့ရာတွင်သင်သည်လူတစ်ထောင်စု၊ တစ်ရာစု၊ ငါးဆယ်စု၊ တစ်ဆယ်စုတို့ကိုခေါင်းဆောင်နိုင် မည့်အရည်အချင်းရှိသူများကိုရွေးချယ် ခန့်ထားသင့်ပါသည်။ ထိုသူတို့သည်ဘုရား ကိုကြောက်ရွံ့၍ရိုးသားဖြောင့်မတ်လျက် အဂတိမလိုက်စားတတ်သူများဖြစ်ရ ကြမည်။-
၂၂ သူတို့ကိုအမြဲတမ်းတရားသူကြီးများ အဖြစ် လူတို့၏အမှုအခင်းများကိုစီရင် စေရမည်။ သူတို့သည်ခက်ခဲသောအမှုများ ကိုသင့်ထံသို့တင်ပြ၍ သေးငယ်သောအမှု များကိုသူတို့ကိုယ်တိုင်စီရင်ဆုံးဖြတ်စေ ရမည်။ ဤနည်းအားဖြင့်သူတို့သည် သင်၏ တာဝန်ကိုခွဲဝေထမ်းဆောင်ကြသော ကြောင့်သင့်အတွက်သက်သာလိမ့်မည်။-
၂၃ ထာဝရဘုရားမိန့်တော်မူသည်နှင့်အညီ ဤနည်းအတိုင်းဆောင်ရွက်လျှင် သင်သည်ပင် ပန်းနွမ်းရိလိမ့်မည်မဟုတ်။ ဤလူအပေါင်း တို့သည်လည်းအမှုအခင်းများပြီးပြတ် လျက် မိမိတို့နေအိမ်သို့ပြန်နိုင်ကြလိမ့် မည်'' ဟုအကြံပေးသည်။
၂၄ မောရှေသည်ယေသရောအကြံပေးသည့် အတိုင်း လိုက်နာဆောင်ရွက်လေ၏။-
၂၅ သူသည်ဣသရေလအမျိုးသားအပေါင်း တို့အထဲမှ အရည်အချင်းပြည့်စုံသူတို့ကို ရွေး၍လူတစ်ထောင်စု၊ တစ်ရာစု၊ ငါးဆယ်စု၊ တစ်ဆယ်စုတို့တွင်ခေါင်းဆောင်များအဖြစ် ခန့်ထားလေ၏။-
၂၆ ထိုသူတို့သည်လူများကိုတရားစီရင်ရန် အမြဲတမ်းတရားသူကြီးများအဖြစ် ဆောင်ရွက်ရသည်။ သူတို့သည်ခက်ခဲသော အမှုများကိုမောရှေထံသို့တင်ပြ၍ သေး ငယ်သောအမှုများကိုကိုယ်တိုင်ဆုံးဖြတ် ကြ၏။
၂၇ ထိုနောက်ယေသရောသည် မောရှေအားနှုတ် ခွန်းဆက်သ၍ မိမိ၏နေရပ်သို့ပြန်သွား လေသည်။