ယောနဝတ္ထု
နိဒါန်း
ယောနဝတ္ထုသည်သမ္မာကျမ်းစာတော်တွင်ပါရှိသည့်အခြားပရောဖက်ကျမ်းများနှင့်မတူချေ။ အဘယ်ကြောင့်ဆိုသော်ဤကျမ်းတွင်ထာဝရဘုရား၏အမိန့်တော်ကိုမနာခံသူ ပရောဖက်တစ်ပါး၏တွေ့ကြုံခံစားမှုများကိုပုံဝတ္ထုသွားဖြင့်ရေးသားဖော်ပြထားခြင်းကြောင့်ဖြစ်သည်။ ဘုရားသခင်သည်ယောနအားဣသရေလအမျိုးသားတို့အပေါ်ရန်ငြိုးကြီးသောအာရှုရိဧကရာဇ်နိုင်ငံ၏မြို့တော်နိနေဝေမြို့သို့သွားရန်အမိန့်ပေးတော်မူသည်။ သို့ရာတွင်ဘုရားသခင်သည် ထိုမြို့ကိုအပြစ်ဒဏ်ပေးမည်ဟုမိန့်တော်မူသည့်အတိုင်းပြုတော်မူလိမ့်မည်မဟုတ်ကြောင်းနားလည်သဘောပေါက်သဖြင့် ယောနသည်ကိုယ်တော်၏အမိန့်တော်ကိုကြေညာရန်ထိုမြို့သို့မသွားလိုပေ။ သူသည်စိတ်ဝင်စားဖွယ်ကောင်းသောအဖြစ်အပျက်အမျိုးမျိုးနှင့်တွေ့ကြုံရပြီးနောက်ထာဝရဘုရား၏အမိန့်တော်ကိုစိတ်ပါလက်ပါမရှိဘဲနာခံလိုက်လေသည်။ သို့ရာတွင်နောက်ဆုံး၌သူကြေညာခဲ့သည့်အတိုင်းနိနေဝေမြို့သူမြို့သားတို့အပြစ်ဒဏ်မခံရသောအခါ သူသည်စိတ်ကောက်လျက်နေ၏။
ဤကျမ်းတွင်ဘုရားသခင်သည်မိမိဖန်ဆင်းတော်မူသမျှတို့ကို အကြွင်းမဲ့ပိုင်သအုပ်စိုးသောအရှင်ဖြစ်တော်မူကြောင်းကိုပေါ်လွင်စေသည်။ ဤကျမ်းသည်ထာဝရဘုရားအားမေတ္တာကရုဏာတော်အရှင်အဖြစ်ဖြင့်ရှင်းလင်းပြတ်သားစွာသရုပ်ပေါ်အောင်ဖော်ပြသည်။ ကိုယ်တော်ရွေးကောက်တော်မူသောဣသရေလလူမျိုး၏ရန်သူများအားသေကြေပျက်စီးစေမည့်အစားအပြစ်ဖြေလွှတ်လျက်ကယ်တော်မူသည့်အရှင်ဖြစ်တော်မူပေသည်။
အကြောင်းအရာအကျဉ်းချုပ်
ယောနအားရွေးကောက်ခေါ်ယူတော်မူခြင်းနှင့်မနာခံခြင်း ၁:၁-၁၇
ယောနနောင်တရခြင်းနှင့်ချမ်းသာရာရခြင်း ၂:၁-၁၀
နိနေဝေမြို့အားယောနဟောပြောခြင်း၃:၁-၁၀
နိနေဝေမြို့အပေါ်ဘုရားသခင်၏ကရုဏာတော် ၄:၁-၁၁
ဘုရားသခင်၏အမိန့်ကိုမနာခံသူယောန
၁
၁ တစ်နေ့သ၌အမိတ္တဲ၏သားယောနအား ထာဝရဘုရားအမိန့်ပေးတော်မူ၏။-
၂ ကိုယ်တော်က``သင်သည်နိနေဝေမြို့ကြီးသို့သွား၍သတိပေးလော့။ ထိုမြို့သူမြို့သားတို့သည်အလွန်ဆိုးယုတ်ကြကြောင်းကိုငါသိတော်မူပြီ'' ဟုမိန့်တော်မူ၏။-
၃ သို့ရာတွင်ယောနသည်ထာဝရဘုရား၏ထံတော်မှထွက်ပြေးရန်ယုပ္ပေသင်္ဘောဆိပ်သို့သွား၏။ ယုပ္ပေမြို့သို့ရောက်လျှင်စပိန်ပြည်သို့ထွက်ခွာသွားတော့မည်ဖြစ်သောသင်္ဘောကိုအဆင်သင့်တွေ့လေ၏။ ယောနသည်သင်္ဘောခကိုပေးပြီးလျှင် ထာဝရဘုရားနှင့်ဝေးရာစပိန်မြို့သို့သင်္ဘောသားများနှင့်အတူလိုက်ရန်သင်္ဘောပေါ်သို့တက်လေ၏။
၄ သင်္ဘောသည်ပင်လယ်တွင်းသို့ရောက်သွားသောအခါ ထာဝရဘုရားသည်လေပြင်းမုန်တိုင်းကြီးကိုတိုက်ခတ်စေတော်မူ၏။ ထိုလေမုန်တိုင်းကြီးသည်လွန်စွာပြင်းထန်လှသဖြင့်သင်္ဘောသည်ပျက်လုမတတ်ရှိလေ၏။-
၅ သင်္ဘောသားတို့သည်ကြောက်လန့်လျက် မိမိတို့ယုံကြည်ကြသောဘုရားများထံသို့သူတို့အား ကယ်တင်ပါရန်ဆုတောင်းကြ၏။ ထိုနောက်သင်္ဘောဝန်ပေါ့စေရန် ကုန်စည်များကိုရေထဲသို့ပစ်ချကြ၏။ ထိုအချိန်တွင်ယောနသည်သင်္ဘောဝမ်းထဲသို့ဆင်း၍အိပ်ပျော်လျက်နေ၏။
၆ ထိုအခါသင်္ဘောသူကြီးသည် သူ့ထံလာပြီးသူ့အား``သင်သည်အဘယ်ကြောင့်အိပ်နေပါသနည်း။ ထလော့၊ သင်၏ဘုရားထံတွင် ငါတို့ကိုကယ်တင်ရန်ဆုတောင်းလော့။ ထိုအရှင်သည်ငါတို့အားသနား၍ငါတို့ကိုကယ်တင်ကောင်းကယ်တင်တော်မူပါလိမ့်မည်'' ဟုဆို၏။
၇ ထိုနောက်သင်္ဘောသားတို့က``ငါတို့ဤကဲ့သို့ဘေးဒုက္ခရောက်ရသည်မှာ အဘယ်သူ၏အပြစ်ကြောင့်ဖြစ်သည်ကိုသိရအောင်မဲချကြကုန်အံ့'' ဟုအချင်းချင်းပြောဆိုကြ၏။ သူတို့မဲချကြသောအခါယောနမဲကျလေ၏။-
၈ သို့ဖြစ်၍သူတို့က``ဤကဲ့သို့ဘေးဒုက္ခရောက်ရသည်မှာ အဘယ်သူ၏အပြစ်ကြောင့်နည်း။ ငါတို့အားပြောပြပါ။ သင်သည်အဘယ်ကိစ္စဖြင့်ဤသင်္ဘောပေါ်သို့ရောက်နေပါသနည်း။ အဘယ်ပြည်မှလာပါသနည်း။ အဘယ်အမျိုးသားဖြစ်ပါသနည်း'' ဟုယောနအားမေးကြ၏။
၉ ယောနက``ငါသည်ဟေဗြဲအမျိုးသားဖြစ်၏။ ကုန်းမြေနှင့်ပင်လယ်ကိုဖန်ဆင်းတော်မူသောကောင်းကင်ဘုံရှင်ထာဝရဘုရားကိုကိုးကွယ်သူဖြစ်သည်'' ဟုဖြေကြား၏။-
၁၀ ထိုနောက်ဆက်လက်၍မိမိသည်ထာဝရဘုရား၏ထံတော်မှထွက်ပြေးတိမ်းရှောင်လာသူဖြစ်ကြောင်းကိုလည်းထိုသူတို့အားပြောပြ၏။
သင်္ဘောသားတို့သည်ကြောက်လန့်ကြကုန်လျက် ``သင်ပြုသည့်အမှုသည်ထိတ်လန့်ဖွယ်ကောင်းလှပါသည်တကား'' ဟုဆိုကြ၏။-
၁၁ ထိုအခိုက်တွင်လေမုန်တိုင်းသည်ပြင်းထန်သည်ထက်ပိုမိုပြင်းထန်၍လာ၏။ သို့ဖြစ်၍သင်္ဘောသားတို့က``လေမုန်တိုင်းရပ်စဲသွားစေရန်ငါတို့သည် သင့်အားအဘယ်သို့ပြုသင့်ပါသနည်း'' ဟုယောနအားမေးကြ၏။
၁၂ ယောနက``ငါ့ကိုပင်လယ်ထဲသို့ပစ်ချကြလော့။ သို့ပြုလျှင်လေမုန်တိုင်းသည်ငြိမ်သွားလိမ့်မည်။ သင်တို့လေပြင်းမုန်တိုင်းမိရကြသည်မှာငါ၏အပြစ်ကြောင့်ဖြစ်ကြောင်းငါသိပါ၏'' ဟုဖြေ၏။
၁၃ သို့ရာတွင်သင်္ဘောသားတို့သည်ယောနအားပင်လယ်ထဲသို့ပစ်ချမည့်အစား သင်္ဘောကိုကမ်းဘက်သို့ရောက်ရန်အစွမ်းကုန်ကြိုးစားလှော်ခတ်ကြ၏။ သို့သော်လည်းလေမုန်တိုင်းသည်ပြင်းထန်သည်ထက်ပြင်းထန်၍လာသဖြင့် သူတို့သည်အဘယ်သို့မျှမတတ်နိုင်ကြတော့ချေ။-
၁၄ ထိုအခါသင်္ဘောသားများကထာဝရဘုရားအား``အို ထာဝရဘုရား၊ ဤသူအသက်ဆုံးရှုံးရသည့်အတွက် အကျွန်ုပ်တို့အားသေဒဏ်ခတ်တော်မမူပါရန်ပန်ကြားပါ၏။ အို ထာဝရဘုရား၊ ဤအမှုသည်အလိုတော်အရကိုယ်တော်တိုင်ပြုတော်မူသောအမှုဖြစ်ပါ၏'' ဟုဟစ်အော်လျှောက်ထားကြ၏။-
၁၅ ထိုနောက်သူတို့သည်ယောနကိုပွေ့ချီ၍ပင်လယ်ထဲသို့ပစ်ချလိုက်ကြ၏။ ထိုအခါချက်ချင်းပင် ပင်လယ်သည်ငြိမ်သက်သွား၏။-
၁၆ ယင်းသို့ငြိမ်သက်သွားသောအခါသင်္ဘောသားတို့သည် ထာဝရဘုရားကိုလွန်စွာကြောက်လန့်လာကြသဖြင့် ယဇ်ပူဇော်ကြပြီးလျှင်ကိုယ်တော်အားသစ္စာကတိပြုကြ၏။
၁၇ ထိုနောက်ဘုရားသခင်အမိန့်ပေးသဖြင့်ငါးကြီးတစ်ကောင်သည်ယောနကိုမျိုလေ၏။ ယောနလည်းငါးကြီး၏ဝမ်းဗိုက်တွင်း၌သုံးရက်ပတ်လုံးနေရ၏။