တပည့်တော်ခုနစ်ဦးတို့အား ကိုယ်ထင်ပြတော်မူခြင်း
၂၁
၁ ထိုနောက်သခင်ယေရှုသည်တိဗေရိအိုင်အနီး တွင်တပည့်တော်တို့အားတစ်ဖန်ကိုယ်ထင်ပြ တော်မူ၏။ ပြတော်မူပုံကားဤသို့တည်း။-
၂ ရှိမုန်ပေတရု၊ (အမြွှာပူးဟုနာမည်တွင်သူ) သောမ၊ (ဂါလိလဲပြည်ကာနမြို့သား) နာသ နေလ၊ ဇေဗေဒဲ၏သားများနှင့်အခြားတပည့် တော်နှစ်ဦးတို့သည်အတူရှိနေကြ၏။-
၃ ရှိမုန်ပေတရုကအခြားသူတို့အား ``ငါ ငါးဖမ်းထွက်မည်'' ဟုဆို၏။
ထိုသူတို့က ``ငါတို့လည်းလိုက်မည်'' ဟုဆို ကြ၏။ သို့ဖြစ်၍သူတို့သည်လှေဖြင့်ငါးဖမ်း ထွက်ကြ၏။ သို့သော်ထိုညတစ်ညလုံးငါး တစ်ကောင်ကိုမျှမမိကြ။-
၄ နေထွက်လာသောအခါသခင်ယေရှုသည် ကမ်းစပ်တွင်ရပ်လျက်နေတော်မူ၏။ သို့ရာ တွင်တပည့်တော်တို့သည်သခင်ယေရှုဖြစ် မှန်းကိုမသိကြ။-
၅ ကိုယ်တော်က ``အမောင်တို့၊ ငါးမိကြပါ၏ လော'' ဟုမေးတော်မူ၏။
သူတို့က ``မမိပါ'' ဟုလျှောက်ထားကြ၏။
၆ ကိုယ်တော်က ``သင်တို့လှေ၏လက်ယာဘက်သို့ ကွန်ကိုပစ်လော့၊ ငါးမိလိမ့်မည်'' ဟုမိန့်တော်မူ ၏။ မိန့်တော်မူသည့်အတိုင်းသူတို့သည်ကွန်ကို ပစ်ကြရာမိသည့်ငါးများလှသဖြင့်ကွန်ကို မဆွဲတင်နိုင်ကြချေ။
၇ ထိုအခါသခင်ယေရှုချစ်တော်မူသောတပည့် တော်က ``ငါတို့၏သခင်ဘုရားပင်တည်း'' ဟု ပေတရုအားပြော၏။ ဤစကားကိုကြားသော အခါပေတရုသည်မိမိချွတ်ထားသည့်အဝတ် ကိုခါးတွင်ပတ်၍အိုင်ထဲသို့ခုန်ဆင်းလေ၏။-
၈ အခြားတပည့်တော်တို့မူကားကမ်းနှင့်မဝေး ဘဲကိုက်တစ်ရာခန့်သာကွာတော့သဖြင့် ငါး နှင့်ပြည့်နေသောကွန်ကိုဆွဲတင်လျက်လှေ နှင့်အတူလိုက်လာကြ၏။-
၉ သူတို့သည်လှေပေါ်ကဆင်း၍ကုန်းပေါ်သို့ ရောက်ကြသောအခါမုန့်ကိုလည်းကောင်း၊ မီးကျီးပေါ်တွင်ကင်ထားသောငါးကို လည်းကောင်းတွေ့ကြ၏။-
၁၀ သခင်ယေရှုက ``သင်တို့ယခုမိသောငါး အချို့ကိုယူခဲ့လော့'' ဟုမိန့်တော်မူ၏။
၁၁ ရှိမုန်ပေတရုသည်လှေပေါ်သို့တက်၍ငါးကြီး များဖြင့်ပြည့်နေသောပိုက်ကွန်ကိုကုန်းပေါ်သို့ ရောက်အောင်ဆွဲယူလေ၏။ ငါးတစ်ရာ့ငါးဆယ့် သုံးကောင်ကိုမိ၍ ထိုမျှလောက်များပြားသော် လည်းကွန်မှာမစုတ်မပြတ်ချေ။-
၁၂ သခင်ယေရှုက ``လာ၍စားကြလော့'' ဟုသူ တို့အားမိန့်တော်မူ၏။ ကိုယ်တော်သည်မိမိတို့ ၏သခင်ဘုရားပင်ဖြစ်တော်မူကြောင်းကိုသိ ကြသဖြင့်အဘယ်တပည့်တော်မျှ ``အရှင် သည်အဘယ်သူနည်း'' ဟုမမေးမလျှောက် ဝံ့ကြ။-
၁၃ သခင်ယေရှုသည်သူတို့ရှိရာသို့ကြွတော်မူ ၍မုန့်ကိုယူပြီးလျှင်သူတို့အားပေးတော် မူ၏။ ငါးကိုလည်းထိုနည်းတူပေးတော်မူ၏။
၁၄ သေခြင်းမှထမြောက်တော်မူပြီးနောက်တပည့် တော်တို့အား ယခုကိုယ်ထင်ပြတော်မူသည်မှာ တတိယအကြိမ်ဖြစ်သတည်း။
သခင်ယေရှုနှင့်ပေတရု
၁၅ တပည့်တော်တို့စားကြပြီးနောက်သခင် ယေရှုက ``ယောဟန်၏သားရှိမုန်၊ သူတို့ ငါ့ကိုချစ်သည်ထက်ပို၍ချစ်သလော'' ဟုရှိမုန်ပေတရုအားမေးတော်မူ၏။
ရှိမုန်က ``မှန်ပါ၏သခင်၊ ကိုယ်တော်အား အကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိပါ၏'' ဟု လျှောက်၏။
ကိုယ်တော်က ``ငါ့သိုးတို့ကိုထိန်းလော့'' ဟု မိန့်တော်မူ၏။-
၁၆ တစ်ဖန်ကိုယ်တော်က ``ယောဟန်၏သားရှိမုန်၊ သင်သည်ငါ့ကိုချစ်သလော'' ဟုမေးတော် မူ၏။
ပေတရုက ``မှန်ပါ၏သခင်၊ ကိုယ်တော်အား အကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိပါ၏'' ဟု လျှောက်၏။
ကိုယ်တော်က ``ငါ့သိုးတို့ကိုထိန်းလော့'' ဟုမိန့် တော်မူ၏။-
၁၇ တတိယအကြိမ်ကိုယ်တော်က ``ယောဟန်၏သား ရှိမုန်၊ သင်သည်ငါ့ကိုချစ်သလော'' ဟုမေးတော် မူ၏။
ဤသို့တတိယအကြိမ်မေးတော်မူသဖြင့် ပေတရုသည်ဝမ်းနည်း၍ ``သခင်၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိတော်မူ၏။ ကိုယ်တော် အားအကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိတော် မူပါ၏'' ဟုလျှောက်၏။
သခင်ယေရှုက ``ငါ့သိုးတို့ကိုထိန်းလော့။-
၁၈ အမှန်အကန်သင့်အားငါဆိုသည်ကားသင် သည်ငယ်ရွယ်စဉ်အခါကခါးကိုစည်း၍သွား လိုရာသို့သွားတတ်၏။ အိုမင်းလာသောအခါ မူကားသင်သည်လက်နှစ်ဖက်ကိုဆန့်လျက် သူ တစ်ပါးကသင့်ကိုချည်နှောင်ပြီးလျှင်သင် မသွားလိုသည့်အရပ်သို့ဆောင်သွားလိမ့်မည်'' ဟုမိန့်တော်မူ၏။-
၁၉ (ဤသို့မိန့်တော်မူရာ၌ပေတရုသည်အဘယ် သို့သောသေခြင်းမျိုးဖြင့်ဘုရားသခင်၏ ဘုန်းအသရေတော်ကိုထွန်းတောက်စေမည့် အကြောင်းဖော်ပြတော်မူခြင်းဖြစ်၏။) ဤ သို့မြွက်ဆိုတော်မူပြီးနောက်ပေတရုအား ``ငါ့နောက်သို့လိုက်လော့'' ဟုမိန့်တော်မူ၏။
သခင်ယေရှုနှင့် အခြားသောတပည့်တော်
၂၀ ပေတရုသည်လှည့်၍ကြည့်လိုက်သောအခါ သူ၏နောက်တွင်သခင်ယေရှုချစ်တော်မူသော တပည့်တော်ကိုမြင်လေ၏။ ထိုသူကားညစာ စားကြစဉ်အခါကသခင်ယေရှု၏ရင်တော် ကိုမှီလျက် ``သခင်၊ ကိုယ်တော်အားရန်သူ့လက်သို့ အပ်မည့်သူကားအဘယ်သူဖြစ်သနည်း'' ဟု မေးလျှောက်ခဲ့သူဖြစ်၏။-
၂၁ ပေတရုသည်ထိုတပည့်တော်ကိုမြင်သောအခါ ``သခင်ဘုရား၊ ဤသူသည်လည်းအဘယ်သို့ ဖြစ်ပါလိမ့်မည်နည်း'' ဟုမေးလျှောက်၏။
၂၂ သခင်ယေရှုက ``ငါကြွလာသည်တိုင်အောင် သူ့အားအသက်ရှင်စေရန်ငါအလိုရှိလျှင် သင်နှင့်မည်သို့မျှမသက်ဆိုင်။ သင်မူကား ငါ့နောက်သို့လိုက်လော့'' ဟုမိန့်တော်မူ၏။
၂၃ သို့ဖြစ်၍ထိုတပည့်တော်သည်သေရတော့ မည်မဟုတ်ဟူသောသတင်းသည်တပည့် တော်တို့အထဲတွင်ပျံ့နှံ့သွား၏။ သို့ရာ တွင်သခင်ယေရှုကထိုတပည့်တော်သည် မသေရဟုမိန့်တော်မူသည်မဟုတ်။ ``ငါ ကြွလာသည်အထိသူ့အားအသက်ရှင် စေရန်ငါအလိုရှိလျှင်သင်နှင့်မည်သို့မျှ မသက်ဆိုင်'' ဟူ၍သာမိန့်တော်မူသတည်း။
၂၄ ဤအကြောင်းအရာတို့ကိုဖော်ပြသက်သေ ခံမှတ်တမ်းတင်သူကားထိုတပည့်တော်ပင် ဖြစ်၏။ သူ၏ဖော်ပြချက်များမှန်ကန်ကြောင်း ကိုလည်းငါတို့သိကြ၏။
နိဂုံး
၂၅ သခင်ယေရှုပြုတော်မူသောအခြားအမှု အရာများစွာရှိသေး၏။ ထိုအမှုအရာရှိ သမျှတို့ကိုမှတ်တမ်းတင်ရမည်ဆိုပါက ပြုစုရမည့်ကျမ်းဂန်များကိုထားရှိရန် ဤ လောကတွင်နေရာရှိမည်မဟုတ်ဟုထင် မြင်ပါသတည်း။ ရှင်ယောဟန်ခရစ်ဝင်ပြီး၏။