ဆုတောင်းပတ္ထနာအကြောင်း သွန်သင်တော်မူခြင်း
(မ၊ ၆:၉-၁၃၊ ၇:၇-၁၁)
၁၁
၁ အခါတစ်ပါး၌ကိုယ်တော်သည်တစ်ခုသော အရပ်တွင်ဆုတောင်းပတ္ထနာပြုလျက်နေတော် မူ၏။ ဆုတောင်းပတ္ထနာပြီးဆုံးသောအခါ တပည့်တော်တစ်ဦးက ``အရှင်ဘုရား၊ ယောဟန် သည်မိမိ၏တပည့်များအားဆုတောင်းပတ္ထ နာပြုရန်နည်းပေးသကဲ့သို့ အကျွန်ုပ်တို့အား လည်းပေးတော်မူပါ'' ဟုလျှောက်ထား၏။
၂ ကိုယ်တော်က ``သင်တို့ဆုတောင်းပတ္ထနာပြုသော အခါ၊
`အို အဖ၊ကိုယ်တော်ရှင်၏နာမတော်ကို ရိုသေလေးမြတ်ကြပါစေသော။
ကိုယ်တော်ရှင်၏အုပ်စိုးတော်မူခြင်းရှိပါ စေသော။
၃ လိုအပ်သောအစားအစာကိုအကျွန်ုပ်တို့အား၊ နေ့စဉ်နေ့တိုင်းပေးသနားတော်မူပါ။
၄ အကျွန်ုပ်တို့အားသူတစ်ပါးတို့မှားမိသည့် အပြစ်များကို၊
အကျွန်ုပ်တို့ဖြေလွှတ်ကြသကဲ့သို့အကျွန်ုပ် တို့၏ အပြစ်များကိုဖြေလွှတ်တော်မူပါ။
အကျွန်ုပ်တို့သည်လွန်ကဲသောစုံစမ်းသွေး ဆောင်ခြင်းကို မခံရပါစေနှင့်'
ဟူ၍မြွက်ဆိုကြလော့'' ဟုမိန့်တော်မူ၏။
၅-၆ ထိုနောက်ကိုယ်တော်က ``သင်တို့တွင်တစ်စုံတစ် ယောက်သောသူသည်သန်းခေါင်အချိန်၌မိတ် ဆွေတစ်ဦး၏အိမ်သို့သွား၍ `အဆွေ၊ ကျွန်ုပ်၏ အိမ်သို့ခရီးသည်မိတ်ဆွေတစ်ယောက်ရောက်ရှိ လာပါသည်။ ကျွန်ုပ်တို့ထံတွင်သူ့အားကျွေး စရာဘာမျှမရှိသဖြင့် မုန့်သုံးလုံးကိုချေး လိုပါသည်' ဟုဆိုသော်၊-
၇ အိမ်ရှင်က `ကျွန်ုပ်ကိုမနှောင့်ယှက်ပါနှင့်။ အိမ် တံခါးကိုပိတ်ထားပြီးလေပြီ။ သားသမီး များနှင့်ကျွန်ုပ်သည်အိပ်ရာဝင်ကြပြီးဖြစ် ၏။ ထို့ကြောင့်ကျွန်ုပ်ထ၍သင့်အားဘာမျှ မပေးနိုင်ပါ' ဟုအိမ်တွင်းမှပြောလိမ့်မည်။-
၈ အိမ်ရှင်သည်မိတ်ဆွေတစ်ဦးအနေဖြင့်အိပ်ရာ မှထ၍သူ့အားမုန့်များကိုပေးလိမ့်မည်မဟုတ်။ သို့သော်လည်းထိုသူသည်အရှက်အကြောက် ကင်းမဲ့စွာဆက်လက်တောင်းခံနေသောကြောင့် အိမ်ရှင်သည်ထ၍လိုသမျှသောမုန့်များ ကိုပေးလိမ့်မည်။-
၉ သင်တို့အားငါဆိုသည်ကားတောင်းကြလော့၊ တောင်းလျှင်ရကြလိမ့်မည်။ ရှာကြလော့၊ ရှာ လျှင်တွေ့ကြလိမ့်မည်။ တံခါးကိုခေါက်ကြ လော့၊ ခေါက်လျှင်တံခါးကိုဖွင့်လိမ့်မည်။-
၁၀ တောင်းသူသည်ရလိမ့်မည်။ ရှာသောသူသည် တွေ့လိမ့်မည်။ တံခါးကိုခေါက်သောသူအား တံခါးကိုဖွင့်ပေးလိမ့်မည်။-
၁၁ သင်တို့တွင်အဘယ်ဖခင်သည်မိမိ၏သား ကငါးကိုတောင်းလျှင်မြွေကိုပေးမည်နည်း။-
၁၂ ကြက်ဥကိုတောင်းလျှင်ကင်းမြီးကောက်ကို ပေးမည်နည်း။-
၁၃ သင်တို့သည်ဆိုးသောသူများဖြစ်လျက်ပင် သားသမီးများအားအကောင်းကိုပေးတတ် လျှင်ကောင်းကင်ဘုံရှင်သင်တို့အဖသည် တောင်းလျှောက်သောသူတို့အားသန့်ရှင်းသော ဝိညာဉ်တော်ကိုသာ၍ပေးတော်မူမည်မဟုတ် လော'' ဟုမိန့်တော်မူ၏။
သခင်ယေရှုနှင့်ဗေလဇေဗုလ
(မ၊ ၁၂:၂၂-၃၀။ မာ၊ ၃:၂၀-၂၇)
၁၄ သခင်ယေရှုသည်ဆွံ့အသောနတ်မိစ္ဆာကို နှင်ထုတ်တော်မူ၍နတ်မိစ္ဆာထွက်သွားသည် နောက်ဆွံ့အသောသူသည်စကားပြော လေ၏။ လူပရိသတ်တို့သည်များစွာအံ့သြ ကြ၏။-
၁၅ သို့ရာတွင်လူအချို့က ``ကိုယ်တော်သည်နတ် မိစ္ဆာဘုရင်ဗေလဇေဗုလကိုအမှီပြု၍နတ် မိစ္ဆာများကိုနှင်ထုတ်သည်'' ဟုဆိုကြ၏။
၁၆ အချို့ကကိုယ်တော်အားပရိယာယ်ဆင် ၍ ``ကောင်းကင်မှနိမိတ်လက္ခဏာတစ်ရပ် ကိုပြတော်မူပါ'' ဟုတောင်းခံကြ၏။-
၁၇ ကိုယ်တော်သည်ထိုသူတို့၏အကြံအစည်ကို သိတော်မူသဖြင့် ``တိုင်းနိုင်ငံတစ်ခုတွင်လူ တို့စိတ်ဝမ်းကွဲပြားလျက်နေလျှင် ထိုနိုင်ငံသည် မကြာမီပျက်စီးမည်သာဖြစ်၏။ အိမ်ထောင်တစ် ခုတွင်အိမ်သူအိမ်သားတို့စိတ်ဝမ်းကွဲပြား လျက်နေလျှင် ထိုအိမ်ထောင်သည်ပျက်စီး မည်သာဖြစ်၏။-
၁၈ ထို့ကြောင့်စာတန်၏နိုင်ငံတွင်စိတ်ဝမ်းကွဲပြား မှုရှိလျှင် အဘယ်သို့လျှင်ရပ်တည်နိုင်မည်နည်း။ ငါသည်ဗေလဇေဗုလကိုအမှီပြု၍ နတ်မိစ္ဆာ များကိုနှင်ထုတ်သည်ဟုသင်တို့ဆိုကြ၏။-
၁၉ အကယ်၍ငါသည်ဗေလဇေဗုလကိုအမှီ ပြု၍နတ်မိစ္ဆာများကိုနှင်ထုတ်သည်ဆိုပါမူ သင်တို့၏တပည့်များကားမည်သူကိုအမှီ ပြု၍ နတ်မိစ္ဆာများကိုနှင်ထုတ်ကြသနည်း။ ထိုသူတို့ကပင်လျှင်သင်တို့မှားကြောင်း သက်သေထူကြ၏။-
၂၀ သို့ရာတွင်ငါသည်ဘုရားသခင်၏တန်ခိုး တော်အားဖြင့်နတ်မိစ္ဆာများကိုနှင်ထုတ်သည် ဖြစ်သောကြောင့် ဘုရားသခင်၏နိုင်ငံတော် သည်သင်တို့တွင်တည်လျက်ရှိလေပြီ။''
၂၁ ``ခွန်အားကြီးသူသည်လက်နက်စုံနှင့် မိမိ အိမ်ကိုစောင့်ကြပ်နေသောအခါ သူ၏ဥစ္စာ ပစ္စည်းများသည်လုံခြုံမှုရှိ၏။-
၂၂ သို့ရာတွင်ထိုသူထက်ခွန်အားကြီးသူသည် ရောက်လာ၍ သူ့ကိုတိုက်ခိုက်အောင်မြင်သော အခါ သူအားကိုးအားထားပြုသည့်လက် နက်များကိုသိမ်းယူသွားလိမ့်မည်။ တိုက်ခိုက် ၍ရရှိသောဥစ္စာပစ္စည်းများကိုလည်းခွဲ ဝေလိမ့်မည်။''
၂၃ ``ငါ့ဘက်မှာမနေသူသည်ငါ့ကိုဆန့်ကျင် သူဖြစ်၏။ ငါနှင့်အတူမစုမသိမ်းသူသည် ကြဲဖြန့်သူဖြစ်၏။''
ညစ်ညမ်းသောနတ်ပြန်၍ပူးဝင်ခြင်း
(မ၊ ၁၂:၄၃-၄၅)
၂၄ ``ညစ်ညမ်းသောနတ်သည်လူထဲကထွက်သည့် အခါခြောက်သွေ့ရာအရပ်သို့လှည့်လည်၍ နားစရာနေရာကိုရှာတတ်၏။ ရှာမတွေ့ လျှင် `ငါယခင်နေခဲ့သည့်နေရာသို့ပင် ပြန်ပါအံ့' ဟုဆို၏။-
၂၅ သို့ဖြစ်၍သူသည်ထိုနေရာသို့ပြန်သွား သောအခါ သပ်ရပ်စွာလှဲကျင်းထားသည် ကိုတွေ့သော်၊-
၂၆ မိမိထက်ညစ်ညမ်းသောနတ်ခုနစ်ဦးကိုခေါ် ခဲ့ပြီးလျှင်ထိုနေရာတွင်နေလေ၏။ သို့ဖြစ် ၍နတ်ပူးဝင်သူ၏နောက်ဆုံးဖြစ်အင်သည် ပထမဖြစ်အင်ထက်ဆိုးလေ၏'' ဟုမိန့် တော်မူ၏။
မင်္ဂလာအစစ်အမှန်
၂၇ သခင်ယေရှုသည်ဤသို့မိန့်တော်မူပြီး သောအခါ လူပရိသတ်ထဲကအမျိုးသမီး တစ်ယောက်သည် ``အရှင့်ကိုမွေး၍နို့တိုက် ရသောအမျိုးသမီးသည်မင်္ဂလာရှိပါ၏'' ဟုလျှောက်၏။
၂၈ သို့ရာတွင်ကိုယ်တော်က ``ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုကြား၍လိုက်နာသူသည် မင်္ဂလာရှိ၏ဟုဆိုလျှင်ပို၍သင့်မြတ်လိမ့်မည်'' ဟူ၍မိန့်တော်မူ၏။
နိမိတ်လက္ခဏာပြရန်တောင်းဆိုကြခြင်း
(မ၊ ၁၂:၃၈-၄၂)
၂၉ လူပရိသတ်တို့သည်စုရုံးလျက်နေကြစဉ် ကိုယ်တော်က ``ယခုခေတ်လူတို့သည်အလွန် ဆိုးညစ်လှပါသည်တကား။ သူတို့သည်နိမိတ် လက္ခဏာကိုတောင်းဆိုကြ၏။ သို့ရာတွင်ယောန ၏နိမိတ်လက္ခဏာမှတစ်ပါးအဘယ်နိမိတ် လက္ခဏာကိုမျှသူတို့အားပြလိမ့်မည်မဟုတ်။-
၃၀ နိနေဝေမြို့သားတို့အတွက်ယောနသည် နိမိတ်လက္ခဏာဖြစ်သကဲ့သို့ဤခေတ်လူတို့ အတွက်လူသားသည်လည်းနိမိတ်လက္ခဏာ ဖြစ်ပေအံ့။-
၃၁ ရှေဘပြည်ကဘုရင်မသည်ဉာဏ်ပညာရှင် ရှောလမုန်မင်းကြီး၏စကားကိုကြားနာရ အောင်ဝေးလံရပ်ခြားတိုင်းတစ်ပါးမှလာ ရောက်ခဲ့၏။ ယခုအခါ၌မူရှောလမုန်ထက် ကြီးမြတ်သည့်အရာရောက်ရှိနေလေပြီ။ သို့ ဖြစ်၍တရားစီရင်တော်မူရာနေ့တွင်ရှေဘ ပြည်ဘုရင်မသည်ထ၍ထိုသူတို့အားပြစ် တင်စွပ်စွဲလိမ့်မည်။-
၃၂ နိနေဝေမြို့သားတို့သည်ယောနဟောပြော သွန်သင်ချက်ကြောင့်နောင်တရခဲ့ကြ၏။ ယခု မှာမူယောနထက်ကြီးမြတ်သည့်အရာရောက် ရှိနေလေပြီ။ တရားစီရင်တော်မူရာနေ့၌ နိနေဝေမြို့သားတို့သည်ထ၍ဤလူတို့ အားပြစ်တင်စွပ်စွဲကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
ခန္ဓာကိုယ်၏ဆီမီး
(မ၊ ၅:၁၅၊ ၆:၂၂-၂၃)
၃၃ လူတို့သည် ``ဆီမီးကိုထွန်းညှိ၍ဖုံးကွယ်ထား လေ့မရှိ။ တောင်းဖြင့်လည်းအုပ်ထားလေ့မရှိ။ အိမ်ထဲသို့ဝင်လာသူများအလင်းရစေရန် မီးတင်ခုံပေါ်မှာတင်ထားလေ့ရှိ၏။-
၃၄ မျက်စိသည်ကိုယ်ခန္ဓာအတွက်ဆီမီးသဖွယ်ဖြစ် ၏။ မျက်စိကောင်းလျှင်သင်၏ကိုယ်ခန္ဓာတစ်ခု လုံးလင်းလိမ့်မည်။ မျက်စိမကောင်းလျှင်မူကား သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည်မှောင်လျက် နေလိမ့်မည်။-
၃၅ သို့ဖြစ်၍သင်တို့တွင်ရှိသည့်အလင်းသည် အမှောင်မဖြစ်စေရန်သတိပြုကြလော့။-
၃၆ အကယ်၍သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည် မှောင်ကွက်လုံးဝမရှိဘဲလင်းလျက်နေလျှင် ဆီမီးသည်တောက်ပသောအလင်းဖြင့်သင့် အပေါ်၌ထွန်းလင်းသကဲ့သို့ သင်တို့ကိုယ် ခန္ဓာတစ်ခုလုံးသည်အလင်းနှင့်ပြည့်လိမ့် မည်'' ဟုမိန့်တော်မူ၏။
ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့ကို အပြစ်တင်တော်မူခြင်း
(မ၊ ၂၃:၁-၃၆။ မာ၊ ၁၂:၃၈-၄၀)
၃၇ ထိုသို့ကိုယ်တော်မိန့်တော်မူပြီးသောအခါ ဖာရိရှဲတစ်ယောက်သည်ကိုယ်တော်အားည စာသုံးဆောင်တော်မူရန်ပင့်ဖိတ်၏။-
၃၈ ကိုယ်တော်သည်ထိုသူ၏အိမ်သို့ကြွ၍စားပွဲ တွင်ထိုင်တော်မူ၏။ ဤသို့အစားအစာမသုံး ဆောင်မီကိုယ်တော်သည်ဆေးကြောခြင်းပြု တော်မမူသည်ကိုထိုဖာရိရှဲမြင်သောအခါ အံ့သြလေ၏။-
၃၉ သခင်ဘုရားက ``သင်တို့ဖာရိရှဲများသည်ပန်း ကန်ခွက်ယောက်များ၏ပြင်ပကိုစင်ကြယ်အောင် ဆေးကြောကြသော်လည်းသင်တို့၏စိတ်အတွင်း မှာကားအကြမ်းဖက်မှု၊ ဆိုးညစ်မှုတို့ဖြင့်ပြည့် လျက်နေ၏။-
၄၀ အချင်းလူမိုက်တို့၊ ပြင်ပသဏ္ဌာန်ကိုဖန်ဆင်း တော်မူသောအရှင်သည် အတွင်းသဏ္ဌာန်ကို လည်းဖန်ဆင်းတော်မူသည်မဟုတ်လော။-
၄၁ သို့ရာတွင်သင်တို့၏ပန်းကန်ခွက်ယောက် များတွင်ရှိသည့်အရာများကိုဆင်းရဲသူ များအားပေးကမ်းကြလော့။ သို့ပြုလျှင် အရာခပ်သိမ်းတို့သည်သင်တို့အတွက်သန့် စင်လိမ့်မည်။''
၄၂ ``ဖာရိရှဲတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည်ပင်စိမ်းရွက်၊ လူရွက်နှင့်အခြား ဆေးဖက်ဝင်အရွက်အမျိုးမျိုးကိုဆယ်ဖို့ တစ်ဖို့ပေးလှူကြသော်လည်းတရားမျှတ မှုနှင့်ဘုရားသခင်အားကြည်ညိုမှုတို့ကို လျစ်လူရှုကြသည်။ သင်တို့သည်ဆယ်ဖို့ တစ်ဖို့ပေးလှူခြင်းကိုတရားမျှတမှုနှင့် ဘုရားသခင်အားကြည်ညိုမှုတို့ကိုပါ ကျင့်သုံးသင့်၏။''
၄၃ ``အချင်းဖာရိရှဲတို့၊ သင်တို့သည်အမင်္ဂလာ ရှိကြ၏။ သင်တို့သည်တရားဇရပ်များတွင် မြင့်မြတ်သောနေရာများကိုလည်းကောင်း၊ စျေးရပ်ကွက်တွင်လူတို့အလေးပြုခြင်း ကိုလည်းကောင်းနှစ်သက်ကြ၏။-
၄၄ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် အမှတ်အသားမရှိသည့်သင်္ချိုင်းတွင်းများနှင့် တူ၏။ လူတို့သည်ထိုတွင်းများအပေါ်မှာ လျှောက်၍သွားကြသောအခါသင်္ချိုင်းတွင်း ဖြစ်မှန်းကိုမသိကြ'' ဟုမိန့်တော်မူ၏။
၄၅ ကျမ်းတတ်ဆရာတစ်ယောက်က ``ဆရာတော်၊ အရှင်ဤသို့မိန့်တော်မူသည်မှာအကျွန်ုပ် တို့ကိုလည်းစော်ကားရာရောက်ပါသည်'' ဟု လျှောက်၏။
၄၆ ကိုယ်တော်က ``အချင်းကျမ်းတတ်ဆရာတို့၊ သင်တို့သည်လည်းအမင်္ဂလာရှိကြ၏။ အထမ်း ရခက်သည့်ဝန်ထုပ်များကိုသင်တို့သည်လူ များအားထမ်းစေကြလျက်သင်တို့ကိုယ်တိုင် မူကားထိုဝန်ထုပ်များကိုလက်ဖျားနှင့်မျှ မတို့ကြ။-
၄၇ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့၏ ဘိုးဘေးများကသတ်သောပရောဖက်များ အတွက်သင်တို့ကဂူများတည်ဆောက်ပေး ကြ၏။-
၄၈ ဤသို့လျှင်သင်တို့၏ဘိုးဘေးများကူးလွန် ခဲ့သည့်အမှုများတွင် သင်တို့အလိုတူအလို ပါဖြစ်ကြ၏။ သင်တို့၏ဘိုးဘေးများသည် ပရောဖက်များကိုသတ်၍ သင်တို့ကသင်္ချိုင်း များကိုတည်ဆောက်ပေးကြ၏။-
၄၉ သို့ဖြစ်ခြင်းကြောင့်ဘုရားသခင်သည်ရွှေ ဉာဏ်တော်ဖြင့်`ဤလူများထဲသို့ပရောဖက် များ၊ စေတမန်များကိုငါစေလွှတ်မည်။ ထို ပရောဖက်များ၊ စေတမန်များအနက်အချို့ ကိုသူတို့ညှဉ်းဆဲ၍အချို့ကိုသတ်ကြလိမ့် မည်' ဟုမိန့်တော်မူ၏။-
၅၀-၅၁ သို့ဖြစ်၍အာဗေလမှသည်ဗိမာန်တော် အတွင်းပိုင်းနှင့်ယဇ်ပလ္လင်အကြားမှာ အသတ် ခံခဲ့ရသည့်ပရောဖက်ဇာခရိအထိ၊ ကမ္ဘာ တည်ချိန်မှစ၍အသတ်ခံခဲ့ရသောပရော ဖက်များ၏အသွေးကြောင့် ဤခေတ်လူတို့ သည်အပြစ်ဒဏ်စီရင်ခြင်းကိုခံရကြ လိမ့်မည်။ ထိုအမှုအားလုံးအတွက် ဤခေတ် လူတို့သည်အပြစ်ဒဏ်စီရင်ခြင်းကိုခံရ ကြလိမ့်မည်ဟုငါအမှန်ဆို၏။
၅၂ ``ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာ ရှိကြ၏။ သင်တို့သည်အသိပညာဗိမာန် တံခါးသော့ကိုသိမ်းထားပြီးလျှင်ကိုယ်တိုင် လည်းမဝင်၊ ဝင်လိုသူများကိုလည်းဆီးတား ကြ၏'' ဟုမိန့်တော်မူ၏။
၅၃ ထိုအရပ်မှကိုယ်တော်ထွက်ကြွတော်မူသော အခါကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများ သည် ကိုယ်တော်အားပြင်းထန်စွာဝေဖန်မှုကို စတင်ပြုလုပ်လာကြ၏။-
၅၄ နှုတ်တော်ထွက်စကားတွင်အမှားရှာရန် များစွာသောအကြောင်းအရာတို့ကိုမေး မြန်းကြ၏။