လင်မယားကွာရှင်းမှုပြဿနာ
(မ၊ ၁၉:၁-၁၂။ လု၊ ၁၆:၁၈)
၁၀
၁ ထိုနောက်ကိုယ်တော်သည်ထိုအရပ်မှထွက်ခွာတော် မူ၍ ယုဒပြည်သို့ကြွတော်မူပြီးလျှင်ယော်ဒန် မြစ်ကိုကူးတော်မူ၏။ လူပရိသတ်တို့သည်အထံ တော်သို့တစ်ဖန်လာရောက်စုရုံးကြပြန်၏။ ကိုယ်တော် သည်အလေ့တော်ရှိသည့်အတိုင်းသူတို့အားဟော ပြောသွန်သင်တော်မူ၏။
၂ ထိုအခါဖာရိရှဲတို့သည်အထံတော်သို့လာ ၍ ``လူတစ်စုံတစ်ယောက်သည်မိမိ၏မယားနှင့် ကွာရှင်းအပ်ပါသလော'' ဟုပရိယာယ်ဆင်၍ မေးလျှောက်ကြ၏။
၃ ကိုယ်တော်က ``မောရှေသည်သင်တို့အားမည်သို့ ပညတ်သနည်း'' ဟုပြန်၍မေးတော်မူ၏။
၄ သူတို့က ``မယားကိုဖြတ်စာနှင့်ကွာရှင်းရန် မောရှေခွင့်ပြုပါသည်'' ဟုဖြေကြားကြ၏။
၅ သခင်ယေရှုက ``သင်တို့သည်အပြောရခက်သူ များဖြစ်၍ မောရှေသည်ဤပညတ်ကိုရေးသား ထားခဲ့ခြင်းဖြစ်၏။-
၆ လောကကိုဖန်ဆင်းတော်မူစကပင်ဘုရား သခင်သည် ယောကျာ်းနှင့်မိန်းမကိုဖန်ဆင်းတော် မူ၏။-
၇ ဤအကြောင်းကြောင့်ယောကျာ်းသည်ကိုယ့်မိဘကို စွန့်၍ မိမိဇနီးနှင့်ပေါင်းသင်းနေထိုင်လိမ့်မည်။-
၈ ထိုသူနှစ်ဦးတို့သည်တစ်သားတစ်ကိုယ်တည်း ဖြစ်လာကြလိမ့်မည်။ သို့ဖြစ်၍သူတို့သည်နှစ် ဦးမဟုတ်၊ တစ်ဦးတည်းဖြစ်၏။-
၉ ဘုရားသခင်စုံဖက်ပေးသည်ကိုလူမခွဲ မခွာစေနှင့်'' ဟုမိန့်တော်မူ၏။
၁၀ တပည့်တော်တို့သည်အိမ်သို့ပြန်ရောက်ကြ သောအခါ ဤအကြောင်းအရာကိုထပ်မံ၍ ကိုယ်တော်အားမေးလျှောက်ကြ၏။-
၁၁ ကိုယ်တော်က ``မိမိဇနီးကိုကွာ၍အခြား အမျိုးသမီးတစ်ယောက်နှင့်အိမ်ထောင်ပြု သူသည် မိမိဇနီး၏အိမ်ရာကိုပြစ်မှား၏။-
၁၂ ထိုမှတစ်ပါးမိမိခင်ပွန်းကိုကွာ၍ အခြား အမျိုးသားတစ်ယောက်နှင့်အိမ်ထောင်ပြုသော အမျိုးသမီးသည်လည်း မိမိခင်ပွန်း၏အိမ်ရာ ကိုပြစ်မှား၏'' ဟုမိန့်တော်မူ၏။
ကလေးသူငယ်များကိုကောင်းချီးပေးတော်မူခြင်း
(မ၊ ၁၉:၁၃-၁၅။ လု၊ ၁၈:၁၅-၁၇)
၁၃ လူအချို့တို့သည်ကလေးသူငယ်များအပေါ် လက်တော်တင်၍ကောင်းချီးပေးတော်မူစေရန် အထံတော်သို့ခေါ်ခဲ့ကြ၏။ သို့ရာတွင်တပည့် တော်တို့သည်ထိုသူတို့ကိုအပြစ်တင်ကြ၏။-
၁၄ သခင်ယေရှုသည်ထိုအခြင်းအရာကိုမြင်တော် မူလျှင် အမျက်ထွက်တော်မူ၍ ``ကလေးသူငယ်တို့ ကိုငါ့ထံသို့လာကြပါစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည်ထိုသို့သော သူတို့၏နိုင်ငံဖြစ်၏။-
၁၅ အမှန်အကန်ငါဆိုသည်ကားကလေးသူငယ် နည်းတူ ဘုရားသခင်၏အုပ်စိုးတော်မူခြင်းကို လက်မခံသောသူသည် နိုင်ငံတော်သို့ဝင်ရလိမ့် မည်မဟုတ်'' ဟုမိန့်တော်မူ၏။-
၁၆ ထိုနောက်ကိုယ်တော်သည်ကလေးသူငယ်တို့ ကိုချီပွေ့တော်မူလျက် သူတို့အပေါ်တွင်လက် တော်ကိုတင်၍ကောင်းချီးပေးတော်မူ၏။
ဥစ္စာကြွယ်ဝသူ
(မ၊ ၁၉:၁၆ -၃၀။ လု၊ ၁၈:၁၈-၃၀)
၁၇ သခင်ယေရှုသည်ခရီးပြုရန်ထွက်တော်မူစဉ် လူတစ်ယောက်သည်အထံတော်သို့ပြေးလာပြီး လျှင်ရှေ့တော်၌ဒူးထောက်လျက် ``ကောင်းမြတ် တော်မူသောဆရာ၊ ထာဝရအသက်ကိုရအံ့ သောငှာ အကျွန်ုပ်သည်အဘယ်သို့ပြုရမည်နည်း'' ဟုမေးလျှောက်၏။
၁၈ သခင်ယေရှုက ``သင်သည်အဘယ်ကြောင့် ငါ့ ကိုကောင်းမြတ်သည်ဟုဆိုသနည်း။ ဘုရား သခင်မှတစ်ပါးကောင်းမြတ်သူတစ်စုံတစ် ယောက်မျှမရှိ။-
၁၉ သူ့အိမ်ရာကိုမပြစ်မှားနှင့်၊ သူ့ဥစ္စာကိုမခိုး နှင့်၊ မမှန်သောသက်သေကိုမခံနှင့်၊ လိမ်လည် လှည့်စားမှုကိုမပြုနှင့်၊ မိဘကိုရိုသေမြတ် နိုးလော့ဟူသောပညတ်တော်များကိုသင်သိ သည်မဟုတ်လော'' ဟုမိန့်တော်မူ၏။
၂၀ ထိုသူက ``ဆရာတော်၊ ဤပညတ်များကိုအကျွန်ုပ် သည်ငယ်စဉ်မှစ၍စောင့်ထိန်းခဲ့ပါပြီ'' ဟုပြန် လည်လျှောက်ထား၏။
၂၁ သခင်ယေရှုသည်ထိုသူကိုမေတ္တာဖြင့်စေ့စေ့ကြည့် လျက် ``သင့်မှာလိုနေသောအရာတစ်ခုရှိသေး၏။ သွားလော့။ သင်၏ဥစ္စာရှိသမျှကိုရောင်း၍ဆင်းရဲ သူတို့အားပေးကမ်းစွန့်ကြဲလော့။ ဤသို့ပြုလျှင် သင်သည်ကောင်းကင်ဘုံတွင်ဘဏ္ဍာကိုရလိမ့်မည်။ သို့စွန့်ကြဲပြီးမှလာ၍ငါ့နောက်သို့လိုက်လော့'' ဟုမိန့်တော်မူ၏။-
၂၂ ထိုသူကားဥစ္စာပစ္စည်းများစွာကြွယ်ဝသူဖြစ် သဖြင့် ကိုယ်တော်၏စကားကိုကြားသောအခါ မျက်နှာညှိုးငယ်၍စိတ်မချမ်းမသာဖြစ်လျက် ထွက်ခွာသွားလေ၏။
၂၃ သခင်ယေရှုသည်တပည့်တော်တို့ကိုလှည့်ကြည့် တော်မူပြီးနောက် ``ဥစ္စာကြွယ်ဝသူများသည်ဘုရား သခင်၏နိုင်ငံတော်သို့ဝင်နိုင်ရန်ခက်လှ၏'' ဟု မိန့်တော်မူ၏။
၂၄ တပည့်တော်တို့သည်ကိုယ်တော်၏စကားကို ကြားလျှင် လွန်စွာအံ့သြကြ၏။ တစ်ဖန်သခင် ယေရှုက ``ငါ့သားတို့၊ ဘုရားသခင်၏နိုင်ငံ တော်သို့ဝင်နိုင်ရန်ခက်လှ၏။-
၂၅ အပ်နဖားကိုကုလားအုတ်လျှိုဝင်ရန် လွယ်ကောင်း လွယ်လိမ့်မည်။ ဘုရားသခင်၏နိုင်ငံတော်သို့ဥစ္စာ ကြွယ်ဝသူဝင်နိုင်ရန်ကားမလွယ်'' ဟုမိန့်တော် မူ၏။
၂၆ တပည့်တော်တို့သည်အံ့သြတွေဝေကြလျက် ``ဤ သို့ဖြစ်ဘိမူ၊ အဘယ်သူသည်ကယ်တင်ခြင်းကို ရနိုင်ပါမည်နည်း'' ဟုအချင်းချင်းပြောဆို ကြ၏။
၂၇ သခင်ယေရှုသည်သူတို့ကိုစေ့စေ့ကြည့်တော်မူ ၍ ``ဤအမှုကိုလူမတတ်နိုင်သော်လည်းဘုရား သခင်တတ်နိုင်တော်မူ၏။ ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကိုတတ်နိုင်တော်မူ၏'' ဟုမိန့်တော်မူ၏။
၂၈ ထိုအခါပေတရုက ``အကျွန်ုပ်တို့သည်အလုံး စုံတို့ကိုစွန့်၍ ကိုယ်တော်၏နောက်သို့လိုက်ခဲ့ ကြပါပြီ'' ဟုကိုယ်တော်အားလျှောက်ထား၏။
၂၉ သခင်ယေရှုက ``အမှန်အကန်ငါဆိုသည်ကား ငါ့အတွက်လည်းကောင်း၊ ဧဝံဂေလိတရားအတွက် လည်းကောင်း၊ အိမ်၊ မြေ၊ ညီအစ်ကို၊ နှမ၊ အစ်မ၊ မိဘ၊ သားသမီးကိုစွန့်သောသူသည်၊-
၃၀ ဤဘဝ၌ညှဉ်းဆဲခြင်းနှင့်တကွအဆတစ်ရာ မျှသော အိမ်၊ မြေ၊ ညီအစ်ကို၊ နှမ၊ အစ်မ၊ မိဘ၊ သား သမီးများကိုရရှိလိမ့်မည်။ ထို့ပြင်နောင်ဘဝ ၌ထာဝရအသက်ကိုရလိမ့်မည်။-
၃၁ သို့ရာတွင်အဦးဆုံးကျသူများသည်နောက်ဆုံး ကျလိမ့်မည်။ နောက်ဆုံးကျသူအများကလည်း အဦးဆုံးကျလိမ့်မည်'' ဟုမိန့်တော်မူ၏။
အသေခံတော်မူရမည့်အကြောင်း တတိယအကြိမ်ဖော်ပြတော်မူခြင်း
(မ၊ ၂၀:၁၇-၁၉။ လု၊ ၁၈:၃၁-၃၄)
၃၂ သူတို့သည်ယေရုရှလင်မြို့သို့ခရီးပြုလျက်နေ ကြစဉ် ကိုယ်တော်သည်တပည့်တော်တို့၏ရှေ့က ကြွတော်မူ၏။ ထိုအခါတပည့်တော်တို့သည် ထိတ်လန့်လျက်ရှိကြ၏။ နောက်တော်မှလိုက်လာ သောလူတို့သည်လည်း ကြောက်လန့်လျက်ရှိကြ၏။ ကိုယ်တော်သည်တပည့်တော်တစ်ဆယ့်နှစ်ဦးကို မလှမ်းမကမ်းသို့တစ်ဖန်ခေါ်သွားတော်မူပြီး လျှင် မိမိတွေ့ကြုံရမည့်အမှုအရာများကို ဖော်ပြတော်မူ၏။-
၃၃ ကိုယ်တော်က ``နားထောင်ကြလော့။ ငါတို့သည် ယေရုရှလင်မြို့သို့ခရီးပြုလျက်ရှိကြ၏။ ယေရုရှလင်မြို့တွင်လူသားအား ယဇ်ပုရော ဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာများ၏ လက်သို့အပ်နှံကြလိမ့်မည်။ သူတို့သည်လူ သားအားသေဒဏ်စီရင်၍ လူမျိုးခြားတို့၏ လက်သို့အပ်နှံကြလိမ့်မည်။-
၃၄ လူမျိုးခြားတို့သည်လူသားအားပြောင်လှောင်၍ တံတွေးနှင့်ထွေးကြလိမ့်မည်။ ကြိမ်ဒဏ်ပေး၍ အသေသတ်ကြလိမ့်မည်။ သို့ရာတွင်သုံးရက် ကြာသောအခါလူသားသည် သေခြင်းမှ ထမြောက်တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
ယာကုပ်နှင့်ယောဟန်တို့၏ပန်ကြားချက်
(မ၊ ၂၀:၂၀-၂၈)
၃၅ ဇေဗေဒဲ၏သားများဖြစ်ကြသော ယာကုပ်နှင့် ယောဟန်တို့သည်အထံတော်သို့ချဉ်းကပ်၍ ``အရှင်ဘုရား၊ အကျွန်ုပ်တို့၏ပန်ကြားချက် ကိုခွင့်ပြုတော်မူပါ'' ဟုလျှောက်ထားကြ၏။
၃၆ ကိုယ်တော်က ``သင်တို့အတွက်အဘယ်အရာ ကိုပြုစေလိုသနည်း'' ဟုမေးတော်မူ၏။
၃၇ သူတို့က ``အရှင်ဘုန်းတန်ခိုးနှင့်စိုးစံရသော အခါ အကျွန်ုပ်တို့အားအရှင်၏လက်ယာရံ၊ လက်ဝဲရံအဖြစ်ခန့်ထားတော်မူပါ'' ဟု လျှောက်ထားကြ၏။
၃၈ သခင်ယေရှုက ``သင်တို့ပန်ကြားနေသည့်အရာ ကို သင်တို့မသိကြ။ ငါသောက်ရမည့်ဒုက္ခဝေဒနာ ခွက်ကိုသောက်ရန်နှင့် ငါခံရမည့်ဗတ္တိဇံကိုခံရန် သင်တို့တတ်စွမ်းနိုင်ကြသလော'' ဟုမိန့်တော်မူ၏။
၃၉ သူတို့က ``အကျွန်ုပ်တို့တတ်စွမ်းနိုင်ပါသည်'' ဟု လျှောက်ထားကြ၏။
သခင်ယေရှုက ``သင်တို့သည်ငါသောက်ရမည့် ခွက်ကိုသောက်ရကြလိမ့်မည်။ ငါခံရမည့်ဗတ္တိဇံ ကိုလည်းခံရကြလိမ့်မည်။-
၄၀ သို့ရာတွင်ငါ၏လက်ယာရံ၊ လက်ဝဲရံအဖြစ် ကိုမူ ငါသည်မပေးပိုင်။ ဤအခွင့်အရေးများ သည်ဘုရားသခင်စီမံပြင်ဆင်ထားသူများ အတွက်သာဖြစ်၏'' ဟုမိန့်တော်မူ၏။
၄၁ ဤအကြောင်းအရာကိုအခြားတပည့်တော် ဆယ်ဦးတို့ကြားသိကြသောအခါ ယာကုပ် နှင့်ယောဟန်တို့ကိုစိတ်ဆိုးကြ၏။-
၄၂ ထိုအခါသခင်ယေရှုသည်တပည့်တော်တို့ ကိုခေါ်တော်မူလျက် ``မင်းစိုးရာဇာတို့သည် ပြည်သူတို့အပေါ်ဝယ်အစိုးတရပြုတတ် ကြ၏။ အကြီးအကဲတို့သည်အာဏာကို သုံးတတ်ကြသည်။-
၄၃ သင်တို့အချင်းချင်းတွင်မူကားထိုသို့မဖြစ် သင့်။ သင်တို့အနက်အကြီးအကဲဖြစ်လိုသူ သည် သူတစ်ပါးတို့၏အစေကိုခံရမည်။-
၄၄ အကြီးမြတ်ဆုံးဖြစ်လိုသူသည်လူခပ်သိမ်း တို့၏ကျွန်ဖြစ်ရမည်။-
၄၅ လူသားပင်လျှင်သူတစ်ပါးအားစေစားရန် ကြွလာသည်မဟုတ်။ သူတစ်ပါး၏ အစေကို ခံရန်လည်းကောင်း၊ မိမိအသက်ကိုစွန့်၍လူ အမြောက်အမြားအားရွေးနုတ်ရန်လည်း ကောင်းကြွလာသတည်းဟုမိန့်တော်မူ၏။
မျက်မမြင်ဗာတိမဲကိုမျက်စိမြင်စေတော်မူခြင်း
(မ၊ ၂၀:၂၉-၃၄။ လု၊ ၁၈:၃၅-၄၃)
၄၆ ကိုယ်တော်နှင့်တပည့်တော်တို့သည်ယေရိခေါ မြို့သို့ရောက်ကြပြီးနောက် လူပရိသတ်ကြီး နှင့်အတူထိုမြို့မှထွက်ခွာကြ၏။ ယင်းသို့ ထွက်ခွာချိန်၌တိမဲ၏သားဗာတိမဲဆိုသူ မျက်မမြင်သူတောင်းစားတစ်ယောက်သည် လမ်းအနီးတွင်ထိုင်လျက်နေ၏။-
၄၇ သူသည်နာဇရက်မြို့သားယေရှုရောက်ရှိတော် မူကြောင်းကိုကြာသိရသောအခါ ``ဒါဝိဒ်၏ သားတော်ယေရှု၊ အကျွန်ုပ်ကိုသနားတော်မူ ပါ'' ဟုဟစ်အော်လေ၏။
၄၈ လူတို့ကသူ့အားဆိတ်ဆိတ်နေရန်ငေါက်ငမ်း ပြောဆိုကြ၏။ သို့သော်လည်းသူသည် ``ဒါဝိဒ် ၏သားတော်ယေရှု၊ အကျွန်ုပ်ကိုသနားတော် မူပါ'' ဟုပို၍ပင်ဟစ်အော်လေ၏။
၄၉ သခင်ယေရှုသည်ရပ်တန့်တော်မူလျက် ``သူ့ကို ခေါ်ခဲ့လော့'' ဟုမိန့်တော်မူ၏။
လူတို့သည်မျက်မမြင်အား ``အားမငယ်နှင့်။ ထလော့။ သင့်ကိုကိုယ်တော်ခေါ်တော်မူသည်'' ဟုဆိုကြ၏။
၅၀ ထိုသူသည်မိမိ၏ခြုံထည်ကိုဘေးသို့ပစ်ချ လိုက်ပြီးနောက် ခုန်၍ထကာသခင်ယေရှုထံ တော်သို့လာလေ၏။
၅၁ သခင်ယေရှုက ``သင့်အတွက်အဘယ်အရာ ကိုပြုစေလိုသနည်း'' ဟုမေးတော်မူ၏။
မျက်မမြင်က ``အရှင်ဘုရား၊ အကျွန်ုပ်အား မျက်စိပြန်၍မြင်စေတော်မူပါ'' ဟုလျှောက် ၏။
၅၂ သခင်ယေရှုက ``သွားလော့။ သင်၏ယုံကြည် ခြင်းသည်သင့်ရောဂါကိုပျောက်စေပြီ'' ဟု မိန့်တော်မူ၏။
ချက်ချင်းပင်ထိုသူသည်မျက်စိမြင်၍ ကိုယ်တော် ကြွတော်မူရာလမ်းတွင်နောက်တော်ကလိုက်လေ သည်။