ကိုယ်တော်ကိုသတ်ရန်ကြံစည်မှု
(မ၊ ၂၆:၁-၅။ လု၊ ၂၂:၁-၂။ ယော၊ ၁၁:၄၅-၅၃)
၁၄
၁ ပသခါပွဲနှင့်တဆေးမဲ့မုန့်ပွဲတော်ကျရောက် ရန် နှစ်ရက်မျှအလိုတွင်ယဇ်ပုရောဟိတ်မင်း များနှင့်ကျမ်းတတ်ဆရာများသည် ကိုယ်တော် ကိုတိတ်တဆိတ်ဖမ်းဆီး၍သတ်ရန်နည်း လမ်းရှာကြံလျက်နေကြ၏။-
၂ သူတို့က ``လူတို့ရုန်းရင်းဆန်ခတ်ဖြစ်မည်ကို စိုးရိမ်စရာရှိသဖြင့် ပွဲတော်ရက်အတွင်း၌ မဖမ်းဆီးကြနှင့်'' ဟုဆိုကြ၏။
ဗေသနိရွာတွင်ကိုယ်တော်၏ခေါင်းပေါ်သို့ ဆီမွှေးသွန်းလောင်းခြင်း
(မ၊ ၂၆:၆-၁၃။ ယော၊ ၁၂:၁-၈)
၃ သခင်ယေရှုသည်ဗေသနိရွာ၌ အရေပြား ရောဂါစွဲကပ်ဖူးသူရှိမုန်၏အိမ်တွင်ရှိ၍ အစားအစာသုံးဆောင်တော်မူစဉ်အမျိုး သမီးတစ်ယောက်သည် အလွန်အဖိုးထိုက် သောနာဒုဆီမွှေးအစစ်ကျောက်ဖြူဘူး ကို ကိုယ်တော်၏ခေါင်းတော်ထက်တွင်သွန်း လောင်းလေသည်။-
၄ လူအချို့တို့သည်ဒေါသထွက်၍ ``အဘယ် ကြောင့်ဆီမွှေးကိုဤသို့အကျိုးမဲ့ဖြုန်းတီး ပါသနည်း။-
၅ ဤဆီမွှေးကိုဒေနာရိအပြားသုံးရာကျော်နှင့် ရောင်း၍ ဆင်းရဲသူများအားပေးကမ်းသင့်၏'' ဟု အချင်းချင်းပြောဆိုကာအမျိုးသမီးကို အပြစ်တင်ကြ၏။
၆ သခင်ယေရှုက ``ထိုအမျိုးသမီးကိုရှိစေတော့။ အဘယ်ကြောင့်သူ့ကိုနှောင့်ယှက်ကြသနည်း။ ငါ့ အားသူပြုသောအမှုသည်လျောက်ပတ်ပေ၏။-
၇ ဆင်းရဲသူများသည်သင်တို့နှင့်အမြဲရှိနေကြ ၏။ သင်တို့အလိုရှိသည့်အခါတိုင်းသူတို့အား ကျေးဇူးပြုနိုင်ကြ၏။ ငါမူကားသင်တို့နှင့် အမြဲရှိနေသည်မဟုတ်။-
၈ ဤအမျိုးသမီးသည်သူတတ်နိုင်သမျှငါ့ အားပြုစုလေပြီ။ ငါ၏ရုပ်အလောင်းကိုသင်္ဂြိုဟ် ရန် ကြိုတင်၍ဆီမွှေးနှင့်လိမ်းကျံလေပြီ။-
၉ အမှန်အကန်သင်တို့အားငါဆိုသည်ကားသတင်း ကောင်းကြေညာရာ ကမ္ဘာအရပ်ရပ်တွင်ဤအမျိုး သမီးကိုအောက်မေ့သတိရကြစေရန် သူပြု ခဲ့သောကောင်းမှုကိုပြောကြားကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
သခင်ယေရှုကိုသစ္စာဖောက်ရန်ယုဒကြံစည်ခြင်း
(မ၊ ၂၆:၁၄-၁၆။ လု၊ ၂၂:၃-၆)
၁၀ တစ်ကျိပ်နှစ်ပါးအပါအဝင်ဖြစ်သောယုဒ ရှကာရုတ်သည် ကိုယ်တော်ကိုရန်သူ့လက်သို့ အပ်ရန်ယဇ်ပုရောဟိတ်ကြီးများထံသို့သွား၏။-
၁၁ ထိုသူတို့သည်သူလာရသည့်အကြောင်းကို ကြားသိသောအခါ ဝမ်းမြောက်သဖြင့်သူ့အား ငွေပေးရန်ကတိပြုကြ၏။ သို့ဖြစ်၍ယုဒ သည်ကိုယ်တော်အားရန်သူ့လက်သို့အပ်ရန် အခွင့်ကောင်းကိုရှာလျက်နေ၏။
ကိုယ်တော်သည်တပည့်တော်တို့နှင့်အတူ ပသခါညစာစားတော်မူခြင်း
(မ၊ ၂၆:၁၇-၂၅။ လု၊ ၂၂:၇-၁၄၊ ၂၁-၂၃။ ယော၊ ၁၃:၂၁-၃၀)
၁၂ ပသခါသိုးသူငယ်ကိုသတ်၍ပူဇော်ရသော နေ့တည်းဟူသော တဆေးမဲ့မုန့်ပွဲတော်ပထမ နေ့၌တပည့်တော်တို့က ``အရှင့်အတွက်ပသခါ ပွဲညစာကို အကျွန်ုပ်တို့အဘယ်အရပ်သို့သွား ၍ပြင်ဆင်ရပါမည်နည်း'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။
၁၃ ကိုယ်တော်ကတပည့်တော်နှစ်ယောက်အား ``သင်တို့ သည်မြို့ထဲသို့သွားကြ။ ရေအိုးထမ်းလာသူလူ တစ်ယောက်သည် သင်တို့ကိုကြိုဆိုလိမ့်မည်။-
၁၄ ထိုသူ၏နောက်သို့လိုက်သွားကြလော့။ သူဝင်သော အိမ်မှအိမ်ရှင်အား ``ဆရာတော်နှင့်တပည့်များ ပသခါပွဲညစာကိုစားရန်အခန်းကားအဘယ် မှာနည်း'' ဟုဆရာတော်ကမေးကြောင်းပြော ကြလော့။-
၁၅ သူသည်အထက်ထပ်ရှိအသင့်ပြင်ဆင်ခင်းကျင်း ထားသောအခန်းကြီးကိုသင်တို့အားပြလိမ့်မည်။ ယင်းအခန်းတွင်ငါတို့အတွက်ညစာကိုပြင် ကြလော့'' ဟုမိန့်မှာ၍စေလွှတ်တော်မူ၏။
၁၆ ထိုတပည့်တော်နှစ်ယောက်တို့သည်ထွက်သွားပြီး လျှင် မြို့တွင်းသို့ဝင်ကြ၏။ မြို့ထဲသို့ရောက်သော အခါကိုယ်တော်မိန့်မှာတော်မူလိုက်သည့်အတိုင်း တွေ့၍ ပသခါညစာကိုအသင့်ပြင်ကြ၏။
၁၇ ညချမ်းအချိန်ရောက်သော် ကိုယ်တော်သည် တစ်ကျိပ်နှစ်ပါးနှင့်အတူကြွလာတော်မူ၏။-
၁၈ သူတို့သည်စားပွဲမှာထိုင်လျက်စားနေကြစဉ် သခင်ယေရှုက ``အမှန်အကန်သင်တို့အားငါ ဆိုသည်ကား သင်တို့အနက်ငါနှင့်အတူစားနေ သူတစ်ဦးသည်ငါ့ကိုသစ္စာဖောက်လိမ့်မည်'' ဟု မိန့်တော်မူ၏။
၁၉ တပည့်တော်တို့သည်စိတ်မချမ်းမသာဖြစ်ကြ လျက် ``ထိုသူသည်အကျွန်ုပ်ပေလော'' ဟုတစ်ဦး နောက်တစ်ဦးကိုယ်တော်အားမေးလျှောက်ကြ၏။
၂၀ ကိုယ်တော်က ``ထိုသူသည်တစ်ကျိပ်နှစ်ပါးတွင် အပါအဝင်ဖြစ်၏။ ငါနှိုက်သောပန်းကန်တွင် နှိုက်၍စားသူဖြစ်၏။-
၂၁ ကျမ်းစာလာသည်အတိုင်းလူသားသည်အသေခံ ရမည်။ သို့ရာတွင်လူသားအားရန်သူ့လက်သို့ အပ်သူသည်အမင်္ဂလာရှိ၏။ မွေးဖွားခြင်းကို မခံရလျှင်သူ့အဖို့သာ၍ကောင်းသေး၏'' ဟု မိန့်တော်မူ၏။
ပွဲတော်မင်္ဂလာအကြောင်း
(မ၊ ၂၆:၂၆-၃၀။ လု၊ ၂၂:၁၄-၂၀။ ၁ကော၊ ၁၁:၂၃-၂၅)
၂၂ ကိုယ်တော်နှင့်တပည့်တော်တို့သည်ညစာစား နေကြစဉ်ကိုယ်တော်သည်မုန့်ကိုယူ၍ ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော်မူ၏။ ထိုနောက်မုန့်ကိုဖဲ့၍ ``ဤမုန့်ကားငါ၏ကိုယ် ခန္ဓာဖြစ်၏။ ယူ၍စားကြလော့'' ဟုမိန့်တော်မူ ပြီးလျှင်တပည့်တော်တို့အားဝေပေးတော် မူ၏။
၂၃ စပျစ်ရည်ခွက်ကိုလည်းယူ၍ဘုရားသခင် ၏ကျေးဇူးတော်ကိုချီးမွမ်းပြီးနောက် သူတို့ အားပေးတော်မူလျှင်သူတို့အားလုံးသည် သောက်ကြ၏။-
၂၄ ကိုယ်တော်က ``ဤစပျစ်ရည်ကားလူအများ အတွက်သွန်းသော ဘုရားသခင်၏ပဋိညာဉ် တော်ကိုတံဆိပ်ခတ်နှိပ်သောငါ၏သွေးဖြစ်၏။-
၂၅ သင်တို့အားငါဆိုသည်ကားဘုရားသခင်၏ နိုင်ငံတော်တွင် စပျစ်ရည်သစ်ကိုသောက်ရသည့် နေ့မတိုင်မီ ငါသည်ဤစပျစ်ရည်ကိုနောက်တစ် ဖန်သောက်တော့မည်မဟုတ်'' ဟုတပည့်တော်တို့ အားမိန့်တော်မူ၏။
၂၆ ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် ဋ္ဌမ္မ သီချင်းဆိုပြီးလျှင်သံလွင်တောင်သို့ထွက် သွားကြ၏။
ပေတရုငြင်းဆိုမည်ကိုကြိုတင်ဖော်ပြတော်မူခြင်း
(မ၊ ၂၆:၃၁-၃၅။ လု၊ ၂၂:၃၁-၃၄။ ယော၊ ၁၃:၃၆-၃၈)
၂၇ သခင်ယေရှုက ``ကျမ်းစာတော်တွင် `ငါသည်သိုး ထိန်းကိုရိုက်သတ်သဖြင့် သိုးတို့သည်ကစဥ့်ကရဲ ဖြစ်ကြလိမ့်မည်' ဟုပါရှိသည်နှင့်အညီသင်တို့ သည်ငါ့ကိုစွန့်၍ထွက်ပြေးကြလိမ့်မည်။-
၂၈ သို့ရာတွင်ငါသည်သေခြင်းမှထမြောက်ပြီး နောက် ဂါလိလဲပြည်သို့သင်တို့အလျင်သွား နှင့်မည်'' ဟုတပည့်တော်တို့အားမိန့်တော်မူ၏။
၂၉ ပေတရုက ``အခြားသူအပေါင်းတို့အရှင့်ကို စွန့်ပစ်ကြသော်လည်း အကျွန်ုပ်မစွန့်ပစ်ပါ'' ဟု ကိုယ်တော်အားလျှောက်ထား၏။
၃၀ သခင်ယေရှုက ``အမှန်အကန်သင့်အားငါဆို သည်ကား ယနေ့ည၌ပင်ကြက်နှစ်ကြိမ်မတွန်မီ သင်သည်သုံးကြိမ်တိုင်တိုင်ငါ့ကိုမသိဟုငြင်း ဆိုလိမ့်မည်'' ဟုပေတရုအားမိန့်တော်မူ၏။
၃၁ သို့ရာတွင်ပေတရုက ``အကျွန်ုပ်သည်အရှင် နှင့်အတူပင်သေရသော်လည်း အရှင့်ကိုမသိ ဟုငြင်းဆိုမည်မဟုတ်ပါ'' ဟုအလေးအနက် လျှောက်ထား၏။
အခြားတပည့်တော်တို့သည်လည်း ဤနည်း အတိုင်းလျှောက်ထားကြ၏။
ဂေသရှေမန်ဥယျာဉ်တွင်ဆုတောင်းတော်မူခြင်း
(မ၊ ၂၆:၃၆-၄၆။ လု၊ ၂၂:၃၉-၄၆)
၃၂ ကိုယ်တော်နှင့်တပည့်တော်တို့သည် ဂေသရှေမန် ဟုနာမည်တွင်သောအရပ်သို့ရောက်ကြ၏။ ကိုယ် တော်သည် ``ငါဆုတောင်းနေစဉ်သင်တို့ဤနေရာ ၌ထိုင်နေကြလော့'' ဟုတပည့်တော်တို့အားမှာ ကြားပြီးနောက်၊-
၃၃ ပေတရု၊ ယာကုပ်နှင့်ယောဟန်တို့ကိုမိမိနှင့် အတူခေါ်ဆောင်သွားတော်မူ၏။ ကိုယ်တော်သည် ပြင်းစွာပူပင်သောကဖြစ်တော်မူသဖြင့်၊-
၃၄ ``ငါသည်သေလုနီးပါးစိတ်ဒုက္ခရောက်လှ၏။ သင်တို့ဤအရပ်တွင်သတိနှင့်စောင့်နေကြ လော့'' ဟုတပည့်တော်တို့သုံးဦးတို့အားမိန့် တော်မူ၏။
၃၅-၃၆ ထိုနောက်ရှေ့သို့အနည်းငယ်ကြွတော်မူ၍ မြေပေါ် တွင်ပျပ်ဝပ်တော်မူပြီးလျှင် ``အဖခမည်းတော်၊ ကိုယ်တော်သည်အမှုအရာခပ်သိမ်းကိုတတ်နိုင် တော်မူပါ၏။ ဤဒုက္ခဝေဒနာခွက်ကိုအကျွန်ုပ် ထံမှလွှဲဖယ်ပေးတော်မူပါ။ သို့ရာတွင်အကျွန်ုပ် ၏အလိုအတိုင်းမဟုတ်ပါ။ ကိုယ်တော်၏အလို တော်အတိုင်းဖြစ်စေတော်မူပါ'' ဟူ၍မိမိ ခံရမည့်ဝေဒနာကိုလွှဲဖယ်ရန်ဖြစ်နိုင်ပါ က လွှဲဖယ်ပေးတော်မူပါမည့်အကြောင်းဆု တောင်းတော်မူ၏။
၃၇ ထိုနောက်ကိုယ်တော်သည်တပည့်တော်သုံးဦးတို့ ထံသို့ပြန်လာတော်မူရာ သူတို့အိပ်ပျော်လျက် နေကြသည်ကိုတွေ့တော်မူ၏။ သို့ဖြစ်၍ကိုယ်တော် က ``ရှိမုန်၊ သင်သည်အိပ်ပျော်နေသလော။ မအိပ်ဘဲ တစ်နာရီမျှပင်စောင့်၍မနေနိုင်သလော'' ဟု ပေတရုအားမိန့်တော်မူ၏။-
၃၈ ထို့နောက်ကိုယ်တော်က ``သင်တို့သည်စုံစမ်း သွေးဆောင်ရာသို့မလိုက်မပါအံ့သောငှာ ဆု တောင်းလျက်စောင့်နေကြလော့။ စိတ်ဆန္ဒရှိသော် လည်းကိုယ်ခန္ဓာကားအားနည်းသည်'' ဟုသူတို့ အားမိန့်တော်မူ၏။
၃၉ ကိုယ်တော်သည်တစ်ဖန်ကြွတော်မူပြန်၍ အထက်နည်းအတိုင်းဆုတောင်းတော်မူ၏။-
၄၀ ထို့နောက်တပည့်တော်သုံးဦးတို့ထံသို့ကြွ လာတော်မူသောအခါ သူတို့သည်မျက်စိ လေးလံသဖြင့် တစ်ဖန်အိပ်ပျော်နေကြသည် ကိုတွေ့မြင်တော်မူ၏။ သူတို့သည်ကိုယ်တော် အားအဘယ်သို့လျှောက်ထားရမည်ကို မသိကြ။
၄၁ ကိုယ်တော်သည်သူတို့ထံသို့တတိယအကြိမ် ကြွလာတော်မူ၍ ``သင်တို့သည်ယခုတိုင်အိပ် ပျော်လျက်၊ နားလျက်နေကြသေးသလော။ တော် လောက်ပြီ။ လူသားကိုဆိုးယုတ်သူများလက် သို့အပ်နှံသောအချိန်ယခုရောက်လာပြီ။-
၄၂ လာကြ။ ငါတို့သွားကြကုန်အံ့။ ငါ့အားရန်သူ့ လက်သို့အပ်မည့်သူသည်ရောက်လာပြီ'' ဟု မိန့်တော်မူ၏။
ကိုယ်တော်ကိုဖမ်းဆီးကြခြင်း
(မ၊ ၂၆:၄၇-၅၆။ လု၊ ၂၂:၄၇-၅၃။ ယော၊ ၁၈:၃-၁၂)
၄၃ ယင်းသို့ကိုယ်တော်မိန့်တော်မူစဉ်တွင် တစ်ကျိပ် နှစ်ပါးအဝင်ဖြစ်သောယုဒရောက်ရှိလာ၏။ သူနှင့်အတူတုတ်၊ ဋ္ဌားကိုင်သူလူအမြောက် အမြားပါ၏။ ထိုသူတို့သည်ယဇ်ပုရောဟိတ် ကြီးများ၊ ကျမ်းတတ်ဆရာများနှင့်ဘာသာ ရေးခေါင်းဆောင်များကစေလွှတ်၍ရောက်ရှိ လာကြခြင်းဖြစ်သည်။-
၄၄ ကိုယ်တော်အားရန်သူ့လက်သို့အပ်မည့်သူ က ``ငါနမ်းရှုပ်နှုတ်ဆက်သူသည်ယေရှုဖြစ်၏။ သူ့ကိုဖမ်းဆီး၍အစောင့်နှင့်ခေါ်သွားကြ လော့'' ဟုသူတို့အားအမှတ်ပေးခဲ့၏။
၄၅ သူသည်ရောက်လာပြီးလျှင်ချက်ချင်းပင် ကိုယ်တော်ထံသို့ချဉ်းကပ်ကာ ``အရှင်ဘုရား'' ဟုဆို၍ကိုယ်တော်ကိုနမ်းရှုပ်လေသည်။-
၄၆ လူတို့သည်ကိုယ်တော်ကိုဖမ်းဆီးချုပ်ကိုင် ထားကြ၏။-
၄၇ ထိုအခါအနီးတွင်ရပ်နေသူလူတစ်ဦးသည် ဋ္ဌားကိုဆွဲထုတ်၍ ယဇ်ပုရောဟိတ်မင်း၏ကျွန် တစ်ယောက်ကိုခုတ်လိုက်ရာထိုသူနားရွက် ပြတ်လေ၏။-
၄၈ သခင်ယေရှုက ``သင်တို့သည်ဋ္ဌားပြကို ဖမ်းဆီးသကဲ့သို့ ငါ့ကိုဖမ်းဆီးရန်တုတ်၊ ဋ္ဌားများနှင့်လာကြသလော။-
၄၉ ငါသည်နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင် သင်တို့ ရှေ့မှာဟောပြောသွန်သင်ခဲ့၏။ သင်တို့ငါ့ကို မဖမ်းမဆီးခဲ့ကြ။ သို့ရာတွင်ကျမ်းစာလာ သည်အတိုင်းဖြစ်ပျက်ရမည်'' ဟုထိုသူတို့ အားမိန့်တော်မူ၏။
၅၀ ထိုအခါတပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကိုစွန့်၍ထွက်ပြေးကြ၏။
၅၁ ပိတ်ပိုင်းလွှာတစ်ခုကိုသာဝတ်ထားသည့်လူငယ် လူရွယ်တစ်ယောက်သည် ကိုယ်တော်၏နောက်တော် ကလိုက်လာ၏။ လူအချို့တို့သည်သူ့ကိုဖမ်း ဆီးမည်ပြုကြသောအခါ၊-
၅၂ သူသည်ပိတ်ပိုင်းလွှာကိုစွန့်၍အဝတ်မပါဘဲ ထွက်ပြေးလေ၏။
ယုဒတရားလွှတ်တော်၌ကိုယ်တော်ကို စစ်ဆေးကြခြင်း
(မ၊ ၂၆:၅၇-၆၈။ လု၊ ၂၂:၅၄-၅၅၊ ၆၃-၇၁။ ယော၊ ၁၈:၁၃-၁၄၊ ၁၉-၂၄)
၅၃ ထိုသူတို့သည်သခင်ယေရှုကို ယဇ်ပုရောဟိတ် မင်း၏ကျောင်းတော်သို့ခေါ်ဆောင်သွားကြ၏။ ယဇ်ပုရောဟိတ်ကြီးများ၊ ဘာသာရေးခေါင်း ဆောင်များနှင့်ကျမ်းတတ်ဆရာများသည် ထိုကျောင်းတော်တွင်စုရုံးလျက်ရှိနေကြ သည်။-
၅၄ ပေတရုသည်ခပ်လှမ်းလှမ်းကနေ၍ ယဇ်ပုရော ဟိတ်မင်း၏ကျောင်းတော်ဝင်းအတွင်းသို့တိုင် အောင် ကိုယ်တော်၏နောက်တော်ကလိုက်လာခဲ့၏။ သူသည်ယဇ်ပုရောဟိတ်မင်း၏ကိုယ်ရံတော် တပ်သားများနှင့်အတူ မီးလှုံလျက်နေ၏။-
၅၅ ယဇ်ပုရောဟိတ်ကြီးများနှင့်တကွ ယုဒ တရားလွှတ်တော်အဖွဲ့ဝင်အပေါင်းတို့သည် သခင်ယေရှုအားသေဒဏ်ပေးနိုင်ရန်သက်သေ ကိုရှာသော်လည်းမတွေ့ကြ။-
၅၆ လူအများပင်လိမ်လည်သက်သေခံကြ၏။ သို့ရာတွင်သူတို့၏ထွက်ဆိုချက်များကိုက် ညီမှုမရှိ။
၅၇-၅၈ လူအချို့တို့သည်ထ၍ ``လူ့လက်ဖြင့်တည်ဆောက် သော ဤဗိမာန်ကိုငါဖြိုဖျက်မည်။ ထိုနောက်သုံးရက် ကြာသောအခါ လူ့လက်ဖြင့်မတည်မဆောက်သည့် ဗိမာန်တော်ကိုငါတည်ဆောက်မည်ဟု သူပြောဆို သည်ကိုအကျွန်ုပ်တို့ကိုယ်တိုင်ကြားပါသည်'' ဟု မဟုတ်မမှန်ထွက်ဆိုကြ၏။-
၅၉ သို့ရာတွင်ထိုသူတို့ထွက်ဆိုချက်များပင်လျှင် ကိုက်ညီမှုမရှိ။
၆၀ ယဇ်ပုရောဟိတ်မင်းသည်လူပရိသတ်တို့အလယ် တွင်ရပ်လျက် သခင်ယေရှုအား ``ထိုသူတို့သင့်အား စွပ်စွဲပြောဆိုနေကြသည်ကို သင်သည်မည်သို့မျှ မဖြေဘဲနေသလော'' ဟုမေး၏။-
၆၁ သို့ရာတွင်ကိုယ်တော်သည်ဆိတ်ဆိတ်နေတော်မူ၏။ စကားတစ်ခွန်းကိုမျှပြန်၍ပြောတော်မမူ။ တစ် ဖန်ယဇ်ပုရောဟိတ်မင်းက ``သင်သည်မင်္ဂလာရှိ တော်မူသောဘုရားသခင်၏သားတော်မေရှိယ လော'' ဟုမေး၏။
၆၂ သခင်ယေရှုက ``မှန်၏။ လူသားသည်အနန္တ တန်ခိုးရှင်၏လက်ယာဘက်၌ထိုင်လျက်နေသည် ကိုလည်းကောင်း၊ မိုးတိမ်စီး၍ကြွလာသည်ကို လည်းကောင်းသင်တို့မြင်ရကြလတ္တံ့'' ဟုမိန့် တော်မူ၏။-
၆၃ ထိုအခါယဇ်ပုရောဟိတ်မင်းသည် မိမိ၏ အဝတ်ကိုဆွဲဆုတ်ပြီးလျှင် ``ငါတို့အဘယ်မှာ လျှင်သက်သေများထပ်၍လိုပါတော့မည်နည်း။-
၆၄ ဘုရားသခင်အားထိုသူပြစ်မှားပြောဆိုသည် ကိုသင်တို့ကြားရကြပြီ။ သင်တို့မည်သို့စီရင် ချက်ချမှတ်ကြမည်နည်း'' ဟုဆို၏။
ထိုသူအားလုံးတို့က ``ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ပေးထိုက်သည်'' ဟုစီရင်ချက်ချမှတ် ကြ၏။-
၆၅ အချို့သောသူတို့သည်ကိုယ်တော်ကိုတံတွေး နှင့်ထွေးကြ၏။ မျက်နှာတော်ကိုဖုံးပြီးလျှင် ရိုက်ပုတ်ကြ၏။ ``အရှင်အားမည်သူရိုက်ပုတ် သည်ကိုဟောတော်မူပါ'' ဟုဆိုကြ၏။ ယဇ် ပုရောဟိတ်မင်း၏ကိုယ်ရံတော်တပ်သားတို့ သည်ပါးတော်ကိုလက်ဖြင့်ရိုက်ကြ၏။
ကိုယ်တော်ကိုမသိဟုပေတရုငြင်းဆိုခြင်း
(မ၊ ၂၆:၆၉-၇၅။ လု၊ ၂၂:၅၆-၆၂။ ယော၊ ၁၈:၁၅-၁၈၊ ၂၅-၂၇)
၆၆ ပေတရုသည်ကျောင်းတော်ဝင်းအတွင်း၌ရှိနေ စဉ် ယဇ်ပုရောဟိတ်မင်း၏အစေခံမကလေး တစ်ယောက်သည်ရောက်ရှိလာ၏။-
၆၇ ပေတရုမီးလှုံနေသည်ကိုမြင်သောအခါ သူ့ ကိုစေ့စေ့ကြည့်၍ ``သင်သည်လည်းနာဇရက် မြို့သားယေရှု၏အပေါင်းအဖော်ဖြစ်၏'' ဟု ဆို၏။
၆၈ ပေတရုက ``သင်ပြောသည့်အရာကိုငါမသိ၊ နားမလည်'' ဟုငြင်းဆို၏။ ထိုနောက်သူသည် ဝင်း၏အဝင်ဝဆီသို့သွား၏။ ထိုအချိန်၌ ကြက်တွန်လေ၏။
၆၉ အစေခံမကလေးသည်ပေတရုကိုတစ်ဖန်မြင် ပြန်သဖြင့် အနား၌ရပ်နေသူတို့အား ``ဤသူ သည်ထိုသူတို့နှင့်အပေါင်းပါဖြစ်၏'' ဟုဆို ပြန်၏။-
၇၀ ပေတရုသည်လည်းမဟုတ်ကြောင်းငြင်းဆိုပြန်၏။
ထိုနောက်များမကြာမီအနီးတွင်ရပ်နေသူတို့ က ``သင်သည်ဂါလိလဲပြည်သားဖြစ်သဖြင့် အမှန်ပင်ထိုသူတို့နှင့်အပေါင်းပါဖြစ်၏'' ဟုသူ့အားဆိုကြ၏။
၇၁ သို့ရာတွင်ပေတရုက ``သင်တို့ပြောသောသူ ကိုငါမသိ'' ဟုဘုရားသခင်ကိုတိုင်တည်၍ ကျိန်ဆိုလေ၏။
၇၂ ထိုခဏ၌ဒုတိယအကြိမ်ကြက်တွန်လေ၏။ ထိုအခါ ``ကြက်နှစ်ကြိမ်မတွန်မီသင်သည်ငါ့ ကိုမသိဟူ၍သုံးကြိမ်မြောက်အောင်ငြင်းဆို လိမ့်မည်'' ဟုသခင်ယေရှုမိန့်တော်မူခဲ့သည့် စကားကို ပေတရုသည်ပြန်လည်သတိရ သဖြင့်ငိုကြွေးလေ၏။