ဗတ္တိဇံဆရာယောဟန်ကွယ်လွန်ခြင်း
(မာ၊ ၆:၁၄-၂၉။ လု၊ ၉:၇-၉။)
၁၄
၁ ထိုကာလ၌ဂါလိလဲပြည်ကိုအုပ်စိုးသူ ဟေရုဒ်သည်သခင်ယေရှု၏သတင်းကို ကြားလျှင်၊-
၂ ``ဤသူသည်ဗတ္တိဇံဆရာယောဟန်ပင်တည်း။ သူသည်သေရာမှအသက်ပြန်ရှင်လေပြီ။ သို့ ဖြစ်၍အံ့ဖွယ်နိမိတ်လက္ခဏာများကိုပြုလျက် ရှိ၏'' ဟုမိမိအမှုထမ်းအရာထမ်းတို့အား မိန့်တော်မူ၏။
၃ ဟေရုဒ်သည်ညီဖြစ်သူဖိလိပ္ပု၏ဇနီးဟေရောဒိ နှင့်ပတ်သက်၍ယောဟန်ကိုဖမ်းဆီးချုပ်နှောင် ကာထောင်တွင်အကျဉ်းထားခဲ့၏။-
၄ အဘယ်ကြောင့်ဆိုသော်ယောဟန်က ``သင်သည် ညီဖြစ်သူ၏ဇနီးကိုမသိမ်းမယူအပ်'' ဟု ဆိုခဲ့သောကြောင့်ဖြစ်၏။-
၅ ဟေရုဒ်သည်ယောဟန်ကိုသတ်လိုသော်လည်း ယုဒအမျိုးသားတို့ကိုကြောက်သဖြင့်မသတ် ရဲချေ။ အဘယ်ကြောင့်ဆိုသော်သူတို့သည်ယောဟန် ကိုပရောဖက်တစ်ပါးဟုမှတ်ယူနေကြသော ကြောင့်ဖြစ်၏။
၆ ဟေရုဒ်၏မွေးနေ့၌ဟေရောဒိ၏သမီးသည် ဧည့်သည်တော်များအားအကနှင့်ဖျော်ဖြေ လျက်ဟေရုဒ်၏စိတ်ကိုများစွာရွှင်လန်းစေ၏။-
၇ သို့ဖြစ်၍ဟေရုဒ်သည်သူငယ်မနှစ်သက်ရာ ဆုကိုပေးမည်ဟုကျိန်ဆို၍ကတိပြု၏။
၈ သူငယ်မသည်လည်းမိခင်၏တိုက်တွန်းချက် အရ ``ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကို လင်ပန်းပေါ်တွင်တင်၍အကျွန်ုပ်အားဤနေရာ တွင်ပင်ပေးတော်မူပါ'' ဟုတောင်းလျှောက်၏။
၉ ထိုအခါမင်းကြီးသည်များစွာစိတ်မချမ်းမသာ ဖြစ်တော်မူသော်လည်းဧည့်သည်တော်များရှေ့တွင် မိမိပေးခဲ့သည့်ကတိကိုထောက်၍ သူငယ်မ တောင်းလျှောက်သည့်အတိုင်းပေးစေရန်အမိန့် ချတော်မူ၏။-
၁၀ သို့ဖြစ်၍ယောဟန်၏ဦးခေါင်းကိုထောင်ထဲတွင် ဖြတ်စေပြီးလျှင်၊-
၁၁ လင်ပန်းပေါ်တွင်တင်၍သူငယ်မအားပေးစေ တော်မူ၏။ သူငယ်မသည်လည်းထိုဦးခေါင်းကို မိခင်ထံသို့ယူဆောင်သွား၏။-
၁၂ ယောဟန်၏တပည့်တို့သည်လာ၍အလောင်းကို ယူပြီးလျှင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သခင်ယေရှု ထံသို့သွား၍သတင်းပေးကြ၏။
လူငါးထောင်ကိုကျွေးမွေးတော်မူခြင်း
(မာ၊ ၆:၃၀-၄၄။ လု၊ ၉:၁၀-၁၇။ ယော၊ ၆:၁-၁၄။)
၁၃ ဤသတင်းကိုသခင်ယေရှုကြားတော်မူလျှင် ထိုအရပ်မှတစ်ကိုယ်တည်းဆိတ်ကွယ်ရာအရပ် သို့လှေဖြင့်ကြွတော်မူ၏။ အမြို့မြို့မှလူပရိ သတ်တို့သည်လည်းကိုယ်တော်ထွက်ကြွတော်မူ ကြောင်းကြားကြလျှင်နောက်တော်သို့ကုန်းကြောင်း ဖြင့်လိုက်ကြ၏။-
၁၄ ကိုယ်တော်သည်လှေပေါ်မှတက်တော်မူသောအခါ လူထုကြီးကိုမြင်တော်မူလျှင်သူတို့ကိုသနား တော်မူသဖြင့်ဖျားနာသူများကိုကျန်းမာစေ တော်မူ၏။
၁၅ ညချမ်းအချိန်ရောက်သောအခါတပည့်တော်တို့ သည်အထံတော်သို့လာ၍ ``ဤအရပ်သည်လူသူ မရှိသည့်အရပ်ဖြစ်ပါ၏။ နေ့အချိန်လည်းကုန်ပါ ပြီ။ လူတို့အားကျေးရွာများသို့သွား၍အစား အစာဝယ်ယူနိုင်ရန်စေလွှတ်တော်မူပါ'' ဟု လျှောက်ထားကြ၏။
၁၆ သခင်ယေရှုက ``ထိုသူတို့သွားကြရန်မလိုပါ။ သင်တို့ပင်လျှင်သူတို့အားစားစရာပေးကြ လော့'' ဟုမိန်တော်မူ၏။
၁၇ တပည့်တော်တို့က ``အကျွန်ုပ်တို့မှာမုန့်ငါးလုံးနှင့် ငါးနှစ်ကောင်သာရှိပါသည်'' ဟုလျှောက်ထားကြ လျှင်၊
၁၈ ကိုယ်တော်က ``ထိုမုန့်နှင့်ငါးကိုငါ့ထံသို့ယူခဲ့ကြ လော့'' ဟုမိန့်တော်မူ၏။-
၁၉ ကိုယ်တော်သည်လူပရိသတ်တို့ကိုမြက်ခင်းပေါ် တွင်ထိုင်စေတော်မူ၏။ ထိုနောက်မုန့်ငါးလုံးနှင့်ငါး နှစ်ကောင်ကိုယူ၍ကောင်းကင်သို့မျှော်ကြည့်လျက် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော်မူ ပြီးလျှင် မုန့်များကိုဖဲ့၍တပည့်တော်တို့အားပေး တော်မူ၏။ တပည့်တော်တို့သည်လည်းလူတို့အား ဝေပေးကြ၏။-
၂၀ လူအပေါင်းတို့သည်အဝစားရကြသည်သာမက မုန့်နှင့်ငါးအကြွင်းအကျန်များကိုပင်တစ်ဆယ့် နှစ်တောင်းအပြည့်ကောက်သိမ်းရသေး၏။-
၂၁ အမျိုးသမီးနှင့်ကလေးများမှအပမုန့်စားသူ ယောကျာ်းဦးရေမှာငါးထောင်မျှရှိသတည်း။
ရေပေါ်မှာလမ်းလျှောက်တော်မူခြင်း
(မာ၊ ၆:၄၅-၅၂။ ယော၊ ၆:၁၅-၂၁။)
၂၂ ထိုနောက်ကိုယ်တော်သည်လူအပေါင်းတို့အား အိမ်သို့ပြန်စေတော်မူ၏။ တစ်ချိန်တည်းပင် တပည့်တော်တို့အားလှေပေါ်သို့တက်စေ၍ အိုင်တစ်ဖက်သို့ကူးစေတော်မူ၏။-
၂၃ လူအပေါင်းတို့အားအိမ်သို့ပြန်စေပြီးနောက် ကိုယ်တော်သည်ဆုတောင်းပတ္ထနာပြုရန်တောင်ပေါ် ကိုတက်တော်မူ၏။ ညချမ်းအချိန်ရောက်သော် ထိုအရပ်တွင်တစ်ကိုယ်တည်းရှိနေတော်မူသတည်း။-
၂၄ တပည့်တော်တို့၏လှေသည်ကားကမ်းနှင့်များစွာ ဝေးကွာသွားလေပြီ။ လေဆန်ဖြစ်သဖြင့်ထိုလှေ ကိုလှိုင်းတံပိုးများရိုက်ခတ်လျက်ရှိ၏။
၂၅ မိုးသောက်ယံအချိန်ခန့်တွင်ကိုယ်တော်သည်ရေပေါ် မှာစက်တော်ဖြန့်၍တပည့်တော်တို့ထံသို့ကြွလာ တော်မူ၏။-
၂၆ ဤသို့ရေပေါ်မှာကိုယ်တော်စက်တော်ဖြန့်၍ကြွ လာသည်ကိုမြင်လျှင်တပည့်တော်တို့သည်ထိတ် လန့်ကာ ``တစ္ဆေ'' ဟုအလန့်တကြားဟစ်အော်ကြ၏။
၂၇ ထိုအခါသခင်ယေရှုက ``အားမငယ်ကြနှင့်။ ငါ ပင်ဖြစ်သည်။ မကြောက်ကြနှင့်'' ဟုမိန့်တော်မူ၏။
၂၈ ပေတရုက ``သခင်ဘုရား၊ ကိုယ်တော်ရှင်ဖြစ်ပါမူ၊ အကျွန်ုပ်သည်ရေပေါ်မှာလျှောက်၍အထံတော်သို့ လာနိုင်ရန်အမိန့်ရှိတော်မူပါ'' ဟုလျှောက်၏။
၂၉ ကိုယ်တော်က ``လာခဲ့လော့'' ဟုမိန့်တော်မူလျှင် ပေတရုသည်လှေပေါ်ကဆင်း၍ရေပေါ်တွင် လျှောက်ကာသခင်ယေရှုထံသို့သွားလေ၏။-
၃၀ သို့ရာတွင်သူသည်လေအဟုန်ပြင်းသည်ကို မြင်သောအခါကြောက်လန့်၍လာသဖြင့်ရေ နစ်စပြုသည်နှင့် ``သခင်ဘုရား၊ အကျွန်ုပ် အားကယ်တော်မူပါ'' ဟုဟစ်အော်လေ၏။
၃၁ ထိုအခါသခင်ယေရှုသည်လက်တော်ကိုဆန့်၍ ပေတရုကိုဆွဲကိုင်တော်မူပြီးလျှင် ``ယုံကြည်ခြင်း နည်းလှပါတကား။ အဘယ်ကြောင့်ယုံမှားသနည်း'' ဟုမိန့်တော်မူ၏။
၃၂ ကိုယ်တော်နှင့်ပေတရုတို့လှေပေါ်သို့ရောက် ကြသောအခါလေသည်ငြိမ်သွားလေ၏။-
၃၃ လှေထဲရှိတပည့်တော်တို့သည်ကိုယ်တော်အား ဦးညွှတ်ရှိခိုးလျက် ``အရှင်ကားအကယ်ပင် ထာဝရဘုရား၏သားတော်ဖြစ်ပါ၏'' ဟု လျှောက်ထားကြ၏။
ဖျားနာသူများကိုဂင်နေသရက်မြို့တွင် ကျန်းမာစေတော်မူခြင်း
(မာ၊ ၆:၅၃-၅၆။)
၃၄ ကိုယ်တော်နှင့်တပည့်တော်တို့သည်အိုင်တစ်ဖက်ကမ်း သို့ကူးပြီးနောက်ဂင်နေသရက်မြို့တွင်လှေကို ဆိုက်ကြ၏။-
၃၅ ထိုမြို့သားတို့သည်ကိုယ်တော်ကိုမှတ်မိကြသဖြင့် ပတ်ဝန်းကျင်အရပ်ရပ်သို့လူများစေလွှတ်၍ ဖျား နာသူတို့ကိုအထံတော်သို့ခေါ်ဆောင်လာကြ၏။-
၃၆ ထိုနောက်ဖျားနာသူတို့အားကိုယ်တော်၏အဝတ် တော်အမြိတ်ကိုမျှတို့ထိနိုင်ခွင့်ပြုရန်တောင်းပန် ကြ၏။ ဤသို့တို့ထိရသူအပေါင်းတို့သည်လည်း ကျန်းမာသွားကြ၏။