အတွဲ ၂
၄၂
(ဆာလံ၊ ၄၂-၇၂)
ပြည်နှင်ဒဏ်သင့်သူတစ်ဦး၏ဆုတောင်းပတ္ထနာ
၁ အို ဘုရားသခင်၊
သမင်ဒရယ်သည်အေးမြသောစမ်းရေကို တောင့်တသကဲ့သို့
ကိုယ်တော်ရှင်ကိုကျွန်တော်မျိုးတောင့်တပါ၏။
၂ အသက်ရှင်တော်မူသည့်ဘုရားတည်းဟူသော ကိုယ်တော်ရှင်ကိုကျွန်တော်မျိုးတောင့်တပါ၏။
ကျွန်တော်မျိုးသည်အဘယ်အခါမှ
ကိုယ်တော်ရှင်၏ရှေ့တော်မှောက်သို့ချဉ်းကပ်၍ ဝတ်ပြုကိုးကွယ်နိုင်ပါမည်နည်း။
၃ ငါသည်နေ့ရောညပါငိုကြွေးရသဖြင့်
မျက်ရည်များသည်ငါ၏အစားအစာဖြစ် တော့၏။
ရန်သူတို့ကငါ့အား``သင်၏ဘုရားသည်
အဘယ်မှာရှိသနည်း'' ဟုအစဉ်ပင် မေးလျက်နေကြ၏။
၄ ရွှင်လန်းစွာသီချင်းဆိုကာဘုရားသခင် အား
ထောမနာပြုလျက်အိမ်တော်သို့သွားသူ လူပရိသတ်အား
ငါသည်ဦးဆောင်ခဲ့ကြောင်းကိုသတိရသော အခါ ငါ၏စိတ်နှလုံးသည်ကြေကွဲပါ၏။
၅ ငါသည်အဘယ်ကြောင့်ဤမျှစိတ်ညှိုးငယ် ရသနည်း။
အဘယ်ကြောင့်ပူပင်သောကရောက်ရသနည်း။
ငါသည်ဘုရားသခင်အားမျှော်ကိုးလျက် နေပါမည်။
ငါ၏ကယ်တင်ရှင်၊ငါ၏ဘုရားအားတစ်ဖန် ထောမနာပြုပါမည်။
၆-၇ ယခုပြည်နှင်ဒဏ်ငါခံနေရချိန်၌ငါ၏ စိတ်နှလုံးသည်ကြေကွဲလျက်ရှိ၏။
သို့ဖြစ်၍ငါသည်ကိုယ်တော်ကို အောက်မေ့သတိရပါ၏။
ကိုယ်တော်သည်ဟေရမုန်တောင်နှင့်
မိဇရတောင်မှဝမ်းနည်းခြင်းလှိုင်းလုံးများကို စေလွှတ်တော်မူပြီးလျှင်
ယော်ဒန်မြစ်မှရေတံခွန်စီးဆင်းလာသကဲ့သို့ အသံဗလံနှင့်ငါ့ကိုလွှမ်းမိုးစေတော်မူပါ၏။
၈ နေ့အချိန်၌ထာဝရဘုရားသည်မိမိ၏ ခိုင်မြဲသော မေတ္တာတော်ကိုပြတော်မူပါစေသော။
ထိုအခါညအချိန်၌ငါသည်သီချင်းဆိုနိုင်၍
ငါ၏အသက်သခင်ဘုရားသခင်ထံတော်သို့ ဆုတောင်းပတ္ထနာပြုနိုင်ပါမည်။
၉ ``ကိုယ်တော်သည်အဘယ်ကြောင့်ကျွန်တော်မျိုးအား မေ့လျော့၍နေတော်မူပါသနည်း။
အဘယ်ကြောင့်ကျွန်တော်မျိုးသည်ရန်သူတို့၏
ရက်စက်ကြမ်းကြုတ်မှုဒဏ်ကိုခံလျက် နေရပါမည်နည်း'' ဟု
ငါ့ကိုကွယ်ကာသောအရှင်၊ဘုရားသခင်အား ငါလျှောက်ထားပါ၏။
၁၀ ငါ့ရန်သူများက``သင်၏ဘုရားသည်
အဘယ်မှာနည်း''ဟုငါ့အားအဖန်တလဲလဲ မေးမြန်းသဖြင့်
သူတို့၏စော်ကားမှုကြောင့်ငါသည်အလွန်ပင် စိတ်ပျက်အားလျော့ရပါ၏။
၁၁ ငါသည်အဘယ်ကြောင့်ဤမျှစိတ်ညှိုးငယ်ရသနည်း။ အဘယ်ကြောင့်ပူပင်သောကရောက်ရသနည်း။
ငါသည်ထာဝရဘုရားအားမျှော်ကိုးပါမည်။
ငါ၏ကယ်တင်ရှင်၊ငါ၏ဘုရားသခင်အား တစ်ဖန်ထောမနာပြုပါမည်။