၄၆
ဘုရားသခင်သည်ငါတို့နှင့်အတူရှိတော်မူ၏
၁ ဘုရားသခင်သည်ငါတို့ခိုလှုံရာ၊ ငါတို့စွမ်းအားဖြစ်တော်မူ၏။
ဒုက္ခရောက်ချိန်၌ငါတို့အားကူမရန်အစဉ်ပင် အသင့်ရှိတော်မူ၏။
၂-၃ သို့ဖြစ်၍ပထဝီမြေကြီးတုန်လှုပ်လျက်
တောင်များသည်နက်ရှိုင်းရာသမုဒ္ဒရာထဲသို့ ကျလျှင်သော်လည်းကောင်း၊
ပင်လယ်လှိုင်းတံပိုးထ၍အသံမြည်ဟည်းသဖြင့်
တောင်များတုန်လှုပ်သော်လည်းကောင်းငါတို့သည် ကြောက်လန့်လိမ့်မည်မဟုတ်။
၄ ဘုရားသခင်၏မြို့တော်တည်းဟူသော
အမြင့်မြတ်ဆုံးဘုရားကိန်းဝပ်တော်မူရာ ဌာနတော်ကိုသာယာရွှင်လန်းစေသော မြစ်ရှိ၏။
၅ ထိုမြို့တော်သည်ဘုရားသခင်ကိန်းဝပ်တော် မူရာ ဖြစ်သဖြင့်အဘယ်အခါ၌မျှမပျက်စီးရ။
နေအရုဏ်တက်စအချိန်၌ကိုယ်တော်သည် ကြွလာတော်မူ၍ထိုမြို့ကိုကူမတော်မူ လိမ့်မည်။
၆ လူမျိုးအပေါင်းတို့သည်ထိတ်လန့်တုန်လှုပ်ကြ၏။
ဘုရားသခင်မိန့်မြွက်တော်မူသောအခါ ကမ္ဘာမြေကြီးသည်အရည်ပျော်လေ၏။
၇ အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။
ယာကုပ်၏ဘုရားသည်ငါတို့ခိုလှုံရာဖြစ် တော်မူ၏။
၈ လာကြ၊ထာဝရဘုရားပြုတော်မူသော အမှုတော်တို့ကိုကြည့်ကြလော့။
ကမ္ဘာမြေပေါ်တွင်ပြုတော်မူသောအံ့သြဖွယ် အမှုအရာများကိုကြည့်ကြလော့။
၉ ကိုယ်တော်သည်ကမ္ဘာတစ်ဝန်းလုံးတွင် တိုက်ခိုက်မှုများကိုငြိမ်းစေတော်မူ၏။
လေးတို့ကိုချိုး၍လှံတို့ကိုအပိုင်းပိုင်းဖြတ်ကာ ဒိုင်းတို့ကိုမီးရှို့တော်မူ၏။
၁၀ ကိုယ်တော်က``တိုက်ခိုက်မှုကိုရပ်စဲကြလော့၊
ငါသည်လူမျိုးတကာတို့တွင်လည်းကောင်း၊ ကမ္ဘာတစ်ဝန်းလုံးတွင်လည်းကောင်း
ဘုရားဖြစ်တော်မူသည်ကိုသိမှတ်ကြလော့'' ဟု မိန့်တော်မူ၏။
၁၁ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ငါတို့နှင့်အတူရှိတော်မူ၏။
ယာကုပ်၏ဘုရားသည်ငါတို့ခိုလှုံရာဖြစ် တော်မူ၏။