၅၂
ဘုရားသခင်၏တရားစီရင်တော်မူခြင်းနှင့် ကျေးဇူးတော်
၁ တန်ခိုးကြီးသောအချင်းလူ၊အဘယ်ကြောင့် မိမိ၏ဆိုးညစ်မှုကိုကြွားဝါသနည်း။
ဘုရားသခင်၏သစ္စာတော်သည်အစဉ်အမြဲတည်၏။
၂ သင်သည်သူတစ်ပါးပျက်စီးရာပျက်စီးကြောင်းကို ကြံစည်တတ်၏။
သင်၏လျှာသည်သင်တုန်းဋ္ဌားကဲ့သို့ထက်မြက်၏။
သင်သည်မဟုတ်မမှန်သည့်စကားကိုအစဉ်ပင် လုပ်ကြံပြောဆိုတတ်၏။
၃ သင်သည်အကောင်းထက်အဆိုးကိုလည်းကောင်း၊
သစ္စာစကားထက်မုသားစကားကိုလည်းကောင်း ပို၍နှစ်သက်တတ်၏။
၄ အချင်းလူလိမ်၊သင်သည်မိမိ၏နှုတ်အားဖြင့်
လူတို့အားထိခိုက်နစ်နာအောင်ပြောဆိုရန် နှစ်သက်ပါသည်တကား။
၅ သို့ဖြစ်၍ဘုရားသခင်သည်သင့်အားထာဝစဉ် ပြိုလဲစေတော်မူလိမ့်မည်။
ကိုယ်တော်သည်သင့်ကိုနေအိမ်မှဆွဲထုတ် တော်မူလိမ့်မည်။
သင့်ကိုသက်ရှင်နေသူတို့နေထိုင်ရာလူ့ပြည်မှ ဖယ်ရှားတော်မူလိမ့်မည်။
၆ သူတော်ကောင်းတို့သည်ဤအခြင်းအရာကို မြင်လျှင် ကြောက်လန့်ကြလိမ့်မည်။
သူတို့သည်သင့်အားကြည့်၍ပြုံးရယ်ကြလျက်
၇ ``မိမိ၏လုံခြုံမှုအတွက်ထာဝရဘုရားကို
အားကိုးမည့်အစားမိမိ၏စည်းစိမ်ချမ်းသာ ကို အားကိုးသူကိုကြည့်ကြလော့။
သူသည်ယုတ်မာမှုအားဖြင့်မိမိ၏လုံခြုံမှုကို ရှာသူဖြစ်၏'' ဟုဆိုကြလိမ့်မည်။
၈ ငါမူကားထာဝရဘုရား၏အိမ်တော်အနီးတွင် ပေါက်သည့်သံလွင်ပင်နှင့်တူ၏။
ငါသည်ကိုယ်တော်၏ခိုင်မြဲသောမေတ္တာကို ကာလအစဉ်အမြဲကိုးစား၏။
၉ အို ဘုရားသခင်၊
ကိုယ်တော်ရှင်ပြုတော်မူသောအမှုတော်အတွက်
ကျွန်တော်မျိုးသည်အစဉ်အမြဲကျေးဇူးတော်ကို ချီးမွမ်းပါမည်။
ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူကြောင်းကို
ကိုယ်တော်ရှင်၏လူစုတော်ရှေ့တွင်ထုတ်ဖော် ကြေညာပါမည်။