၇၇
ပူပင်သောကရောက်ချိန်၌ စိတ်သက်သာရာရမှု
၁ ငါသည်ဘုရားသခင်ထံတော်သို့ကျယ်စွာ အော်ဟစ်၏။
ငါသည်ကျယ်စွာအော်ဟစ်သဖြင့် ကိုယ်တော်ကြားတော်မူ၏။
၂ ဒုက္ခရောက်ချိန်၌ငါသည်ထာဝရဘုရား ထံတော်သို့ ဆုတောင်းပတ္ထနာပြု၏။
တစ်ညလုံးလက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြု၏။ သို့ရာတွင်စိတ်သက်သာရာမရနိုင်ပါ။
၃ ငါသည်ဘုရားသခင်အကြောင်းကိုအောက်မေ့ ဆင်ခြင်သောအခါသက်ပြင်းချရ၏။
လေးနက်စွာတွေးတောသောအခါငါသည် စိတ်ပျက်အားငယ်ရ၏။
၄ ကိုယ်တော်သည်ငါ့အားတစ်ညလုံးအိပ်ပျော်ခွင့်ကို ပေးတော်မမူပါ။
ငါသည်ပူပင်သောကရောက်ရလွန်းသဖြင့် စကားပင်မပြောနိုင်ပါ။
၅ ငါသည်ကုန်လွန်သွားသည့်နေ့ရက်များအကြောင်း ကို
စဉ်းစား၍လွန်လေပြီးသည့်နှစ်များကို အောက်မေ့သတိရပါ၏။
၆ တစ်ညလုံးငါသည်ဆင်ခြင်စဉ်းစားလျက်နေစဉ်၊
၇ ဤသို့မိမိကိုယ်ကိုမေး၏။
``ဘုရားရှင်သည်ငါတို့ကိုအစဉ်အမြဲ စွန့်ပစ်တော်မူမည်လော။
ကိုယ်တော်သည်ငါတို့အားအဘယ်အခါ၌မှ ပြန်၍နှစ်သက်တော်မမူတော့ပြီလော။
၈ ကိုယ်တော်သည်ငါတို့ကိုချစ်တော်မမူတော့ ပြီလော။ ကတိတော်သည်လည်းပျက်လေပြီလော။
၉ ဘုရားသခင်သည်သနားကြင်နာရန် မေ့လျော့တော်မူပြီလော။
ကရုဏာတော်အစားအမျက်တော်ကို ပြတော်မူပြီလော။''
၁၀ ထို့နောက်``ဘုရားသခင်၌တန်ခိုးမရှိတော့ သဖြင့်
ငါ့အတွက်အနာကြည်းဆုံးဖြစ်သည်'' ဟု ငါပြောဆိုနေမိ၏။
၁၁ အို ထာဝရဘုရား၊
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ပြုတော်မူသော
ထူးမြတ်သည့်အမှုအရာတို့ကိုအောက်မေ့ သတိရပါမည်။
အတိတ်ကာလ၌ကိုယ်တော်ရှင်ပြုတော်မူခဲ့သော အံ့သြဖွယ်ရာတို့ကိုပြန်လည်သတိရပါမည်။
၁၂ ကိုယ်တော်ရှင်ပြုတော်မူခဲ့သမျှသောအမှုတို့ကို စဉ်းစားပါမည်။
ကိုယ်တော်ရှင်၏ကြီးမြတ်သည့်အမှုတော်တို့ကို ဆင်ခြင်ပါမည်။
၁၃ အို ဘုရားသခင်၊
ကိုယ်တော်ရှင်ပြုတော်မူသမျှတို့သည် မြင့်မြတ်ပါ၏။
ကိုယ်တော်ရှင်ကဲ့သို့အဘယ်ဘုရားမျှမကြီး မြတ်ပါ။
၁၄ ကိုယ်တော်ရှင်သည်ထူးဆန်းသော
နိမိတ်လက္ခဏာများကိုပြတော်မူသော ဘုရားဖြစ်ပါ၏။
ကိုယ်တော်ရှင်သည်မိမိ၏ဘုန်းတန်ခိုးတော် တို့ကို လူမျိုးတကာတို့အားပြတော်မူခဲ့ပါ၏။
၁၅ ကိုယ်တော်ရှင်၏လူစုတော်တည်းဟူသော
ယာကုပ်နှင့်ယောသပ်တို့၏အမျိုးအနွယ်များကို တန်ခိုးတော်အားဖြင့်ကယ်တော်မူပါ၏။
၁၆ အို ဘုရားသခင်၊
ရေတို့သည်ကိုယ်တော်ရှင်ကိုမြင်သောအခါ ကြောက်ရွံ့ကြပါ၏။
ပင်လယ်ရေနက်ရာအရပ်တို့သည်လည်း တုန်လှုပ်ကြပါ၏။
၁၇ မိုးတိမ်တို့သည်မိုးကိုရွာသွန်းပေးပါ၏။ ကောင်းကင်ပြင်တွင်မိုးကြိုးပစ်လျက်
အရပ်လေးမျက်နှာတွင်လျှပ်စစ်များလက်ပါ၏။
၁၈ ကိုယ်တော်ရှင်၏မိုးကြိုးသံသည်မြည်ဟည်း ထွက်ပေါ်လာလျက်
လျှပ်ပန်းလျှပ်နွယ်တို့သည်လည်းကမ္ဘာ တစ်ဝန်းလုံးကိုလင်းစေပါ၏။
မြေကြီးသည်ထိတ်လန့်တုန်လှုပ်ပါ၏။
၁၉ ကိုယ်တော်ရှင်သည်ပင်လယ်ပြင်တွင်
လျှောက်သွားတော်မူ၍နက်ရှိုင်းသော သမုဒ္ဒရာကို ဖြတ်ကျော်တော်မူပါ၏။
သို့ရာတွင်ကိုယ်တော်ရှင်၏ခြေတော်ရာများ ကိုမူ မတွေ့မမြင်နိုင်ပါ။
၂၀ ကိုယ်တော်ရှင်သည်မောရှေနှင့်အာရုန်တို့၏ ကွပ်ကဲမှုဖြင့်
မိမိ၏လူစုတော်အားသိုးထိန်းသဖွယ် ပို့ဆောင်တော်မူပါ၏။