ပြည်သူတို့အားရှောလမုန်မိန့်ခွန်း ပြောကြားတော်မူခြင်း
(၃ရာ၊ ၈:၁၂-၂၁)
၆
၁ ရှောလမုန်က
``အို ထာဝရဘုရား၊ကိုယ်တော်သည်
စံတော်မူရန်အတွက်မိုးတိမ်နှင့်မှောင်မိုက်ကို ရွေးချယ်တော်မူပါပြီ။
၂ ယခုအခါအကျွန်ုပ်သည်ကိုယ်တော်စံတော်မူရာ ဗိမာန်တော်၊
ကိုယ်တော်ထာဝစဉ်ကိန်းဝပ်တော်မူရာ ဌာနတော်ကိုတည်ဆောက်ပြီးပါပြီ'' ဟု
ပတ္ထနာပြုတော်မူ၏။
၃ ဣသရေလပြည်သူအပေါင်းတို့သည်ထိုနေရာ တွင်ရပ်လျက်နေကြ၏။ မင်းကြီးသည်သူတို့ ဘက်သို့မျက်နှာမူပြီးလျှင် သူတို့အားဘုရားသခင်ကောင်းချီးပေးရန်တောင်းလျှောက်တော် မူ၏။-
၄ ထိုနောက်မင်းကြီးက``ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားကိုထောမနာ ပြုကြလော့။ ကိုယ်တော်သည်ငါ၏ခမည်းတော် ဒါဝိဒ်အားငါသည် ငါ၏လူမျိုးတော်အားပေး အပ်ခဲ့သည့်ကတိတော်ကိုတည်မြဲစေလေပြီ။-
၅ `သူတို့ကိုအီဂျစ်ပြည်ကထုတ်ဆောင်ခဲ့ချိန် မှအစပြု၍ယနေ့တိုင်အောင် ငါသည်အဘယ် ဣသရေလမြို့ကိုမျှငါ့အားဝတ်ပြုကိုးကွယ် ရာဌာနအဖြစ်ဖြင့်ရွေးချယ်သတ်မှတ်ခဲ့ဖူး သည်မရှိ။ အဘယ်သူကိုမျှလည်းငါ၏လူ မျိုးတော်ဣသရေလအမျိုးသားတို့အား ခေါင်းဆောင်ရန်မရွေးမချယ်ခဲ့။-
၆ သို့ရာတွင်ယခုငါသည်ယေရုရှလင်မြို့ ကိုငါ့အားကိုးကွယ်ဝတ်ပြုရန်ဌာနအဖြစ် ဖြင့်လည်းကောင်း၊ အချင်းဒါဝိဒ်၊ သင့်အားငါ ၏လူမျိုးတော်ကိုအုပ်စိုးမည့်သူအဖြစ် ဖြင့်လည်းကောင်းရွေးချယ်ထားလေပြီ' ဟူ ၍မိန့်တော်မူ၏'' ဟုဆို၏။
၇ ထိုနောက်ရှောလမုန်သည်ဆက်လက်၍``ငါ၏ ခမည်းတော်သည်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်ထာဝရဘုရားအား ကိုး ကွယ်ဝတ်ပြုရာဗိမာန်တော်ကိုတည်ဆောက် ရန်ကြံစည်ခဲ့သော်လည်း၊-
၈ ထာဝရဘုရားကသူ့အား`ငါ့အဖို့ဗိမာန် တော်တည်ဆောက်ရန်သင်ဆန္ဒပြုသည်မှာ လျောက်ပတ်ပေသည်။-
၉ သို့ရာတွင်သင်သည်ဗိမာန်ကိုတည်ဆောက်ရမည် မဟုတ်။ တည်ဆောက်မည့်သူမှာသင်၏ရင်သွေး ဖြစ်သောသင်၏သားတော်ပင်ဖြစ်၏' ဟုမိန့် တော်မူ၏။
၁၀ ``ယခုအခါထာဝရဘုရားသည်ကတိတော် ကိုတည်စေတော်မူပြီ။ ငါသည်ခမည်းတော်၏ အရိုက်အရာကိုဆက်ခံ၍နန်းတက်ပြီးလျှင် ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ရာ ဗိမာန်တော်တည်ဆောက်ပြီးလေပြီ။-
၁၁ ငါသည်ဣသရေလအမျိုးသားတို့နှင့်ထာဝရ ဘုရားပြုတော်မူသော ပဋိညာဉ်တော်ဆိုင်ရာ ကျောက်ပြားများပါရှိသည့်ပဋိညာဉ်သေတ္တာ တော်ကိုလည်းဗိမာန်တော်တွင်ထားရှိပြီး လေပြီ'' ဟုပြည်သူတို့အားမိန့်တော်မူ၏။
ရှောလမုန်၏ဆုတောင်းပတ္ထနာ
(၃ရာ၊ ၈:၂၂-၅၃)
၁၂ ထိုနောက်လူတို့၏မျက်မှောက်တွင်ရှောလမုန် သည်ယဇ်ပလ္လင်ရှေ့သို့သွား၍ရပ်တော်မူပြီး လျှင် လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုတော် မူ၏။-
၁၃ (ရှောလမုန်သည်အလျားရှစ်ပေ၊ အနံရှစ်ပေ၊ အမြင့်ငါးပေရှိသောကြေးနီပလ္လင်စင်မြင့် ကိုတည်ဆောက်ပြီးတံတိုင်းအလယ်တွင်ထား တော်မူခဲ့၏။ မင်းကြီးသည်ထိုပလ္လင်စင်မြင့်ပေါ် သို့တက်၍လူအပေါင်းမြင်သာသည့်နေရာ တွင်ဒူးထောက်ကာလက်အုပ်ချီလျက်၊-)
၁၄ ``အို ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်နှင့်တူသော ဘုရားမိုးမြေ၌မရှိပါ။ ကိုယ်တော်၏လူမျိုး တော်သည်စကားတော်ကိုတစ်သဝေမတိမ်း နာယူကျင့်သုံးကြသောအခါကိုယ်တော် သည်သူတို့နှင့်ထားရှိသည့်ပဋိညာဉ်တော် ကိုစောင့်ထိန်းတော်မူလျက်သူတို့အား မေတ္တာတော်ကိုပြတော်မူပါ၏။-
၁၅ ကိုယ်တော်သည်အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ် အား ပေးခဲ့သည့်ကတိတော်ကိုတည်စေတော် မူပါပြီ။ ကိုယ်တော်မိန့်တော်မူခဲ့သမျှ အတိုင်းယနေ့အကောင်အထည်ပေါ်ပါပြီ။-
၁၆ အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်၏ ခမည်းတော်ဒါဝိဒ်အား`သင်၏သားမြေးတို့ သည်သင်နည်းတူပညတ်တော်ကိုဂရုပြု၍ လိုက်လျှောက်ကြလျှင် ဣသရေလပြည်တွင် အဘယ်အခါ၌မျှသင်၏အမျိုးမင်းရိုး ပြတ်မည်မဟုတ်' ဟုပေးတော်မူခဲ့သည့် ကတိတော်ကိုလည်းတည်စေတော်မူ ပါ။-
၁၇ အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏အစေခံ၊ အကျွန်ုပ် ၏ခမည်းတော်ဒါဝိဒ်အားကတိထားတော်မူ သမျှတို့ကိုယခုဖြစ်ပွားစေတော်မူပါ။''
၁၈ ``သို့ရာတွင်ဘုရားသခင်သည်လူတို့နှင့် အတူကမ္ဘာမြေကြီးပေါ်တွင် အကယ်ပင်စံ နေတော်မူနိုင်ပါသလော။ ကောင်းကင်ဘဝဂ် ပင်လျှင်ကိုယ်တော်စံနေတော်မူနိုင်အောင် မကျယ်ဝန်းပါလျှင်အကျွန်ုပ်တည်ဆောက် သည့်ဗိမာန်တော်ကားစံနေတော်မူနိုင်ရန် ကျယ်ဝန်းမည်မဟုတ်ပါ။-
၁၉ အရှင်ထာဝရဘုရား၊ ကျွန်ုပ်သည်ကိုယ်တော် ၏ကျွန်ဖြစ်ပါ၏။ အကျွန်ုပ်ဆုတောင်းသံကို နားညောင်းတော်မူပါ။ အကျွန်ုပ်တောင်းသော ဆုကိုပေးသနားတော်မူပါ။-
၂၀ ဤဗိမာန်တော်ကိုနေ့ညမပြတ်စောင့်ထိန်း ကြည့်ရှုတော်မူပါ။ ဤဌာနတော်တွင်ကိုယ် တော်အားကိုးကွယ်ဝတ်ပြုရကြမည်ဖြစ် ကြောင်းကိုယ်တော်မိန့်မှာတော်မူခဲ့သည်ဖြစ် ၍ ဤဗိမာန်တော်ကိုမျက်နှာမူလျက်အကျွန်ုပ် ဆုတောင်းသောအခါနားညောင်းတော်မူ ပါ။-
၂၁ အကျွန်ုပ်၏ဆုတောင်းပတ္ထနာများကိုလည်း ကောင်း၊ ဤအရပ်သို့မျက်နှာမူလျက်ကိုယ် တော်၏လူမျိုးတော်ပြုသော ဆုတောင်းပတ္ထနာ များကိုလည်းကောင်းနားညောင်းတော်မူပါ။ ကိုယ်တော်စံတော်မူရာကောင်းကင်ဘုံမှ အကျွန်ုပ်တို့လျှောက်ထားချက်များကို နား ညောင်းတော်မူပြီးလျှင်အကျွန်ုပ်တို့၏ အပြစ်များကိုဖြေလွှတ်တော်မူပါ။''
၂၂ ``လူတစ်ယောက်သည်အခြားလူတစ်ယောက် အားမတရားပြုမှုနှင့်စွပ်စွဲခြင်းခံရသဖြင့် မိမိတွင်အပြစ်မရှိကြောင်းဤဗိမာန်တော်ရှိ ကိုယ်တော်၏ယဇ်ပလ္လင်တော်ရှေ့တွင်ကျမ်း ကျိန်သောအခါ၊-
၂၃ အို ထာဝရဘုရား၊ ကောင်းကင်ဘုံမှနားထောင် တော်မူပြီးလျှင်ကိုယ်တော်၏အစေခံများ အားတရားစီရင်တော်မူပါ။''
၂၄ ``ကိုယ်တော်၏လူမျိုးတော်ဣသရေလအမျိုး သားတို့သည် ကိုယ်တော်ကိုပြစ်မှားသည့်အတွက် ရန်သူတို့လက်တွင်အရေးရှုံးနိမ့်ရကြသဖြင့် သူတို့သည်မိမိတို့အပြစ်များမှဖြေလွှတ် ရန်အထံတော်သို့ပြန်လာ၍ဤဗိမာန်တော် သို့လာရောက်ကာစိတ်နှိမ့်ချလျက်ဆုတောင်း ပတ္ထနာပြုကြသောအခါ၊-
၂၅ ကောင်းကင်ဘုံမှသူတို့၏ဆုတောင်းပတ္ထနာ ကိုနားညောင်းတော်မူပါ။ လူမျိုးတော်၏အပြစ် များကိုဖြေလွှတ်တော်မူ၍ သူတို့နှင့်သူတို့ ၏ဘိုးဘေးများအားအပိုင်ပေးသနား တော်မူသည့်ပြည်တော်သို့ပြန်လည်ပို့ဆောင် တော်မူပါ။''
၂၆ ``ကိုယ်တော်အားလူမျိုးတော်ပြစ်မှားသည့် အတွက် မိုးခေါင်စေတော်မူသောအခါသူတို့ သည်နောင်တရ၍ ဤဗိမာန်တော်သို့မျက်နှာ မူကာစိတ်နှလုံးနှိမ့်ချလျက်ဆုတောင်း ပတ္ထနာပြုပါလျှင်၊-
၂၇ အို ထာဝရဘုရား၊ ကောင်းကင်ဘုံမှနားညောင်း တော်မူပါ။ ကိုယ်တော်၏အစေခံဣသရေလ ပြည်သူတို့၏အပြစ်များကိုဖြေလွှတ်တော် မူပါ။ သူတို့အားလမ်းမှန်ကိုပြညွှန်တော်မူ ပါ။ ကိုယ်တော်၏လူမျိုးတော်အားအပိုင်ပေး သနားတော်မူသည့်ပြည်တော်တွင်မိုးရွာ စေတော်မူပါ။''
၂၈ ``ပြည်တော်တွင်အစာငတ်မွတ်ခေါင်းပါး သောအခါ၊ အနာရောဂါဘေးဆိုက်သော အခါ၊ ကောက်ပဲသီးနှံတို့သည်လေပူမိခြင်း၊ ပိုးထိခြင်းသို့မဟုတ်ကျိုင်းကောင်အုပ်ကျ ခြင်းတို့ကြောင့်ပျက်စီးသွားသောအခါ၊ ကိုယ်တော်၏လူမျိုးတော်အားရန်သူတို့ တိုက်ခိုက်ကြသောအခါ၊ သူတို့တွင်ဘေး ဥပဒ်၊ အနာရောဂါတစ်စုံတစ်ရာကပ် ရောက်သောအခါ၊-
၂၉ သူတို့ပြုသောဆုတောင်းပတ္ထနာကိုနားညောင်း တော်မူပါ။ အကယ်၍ကိုယ်တော်၏လူမျိုး တော်ဣသရေလအမျိုးသားအချို့တို့သည် လှိုက်လှဲစွာဝမ်းနည်းလျက် ဤဗိမာန်တော် ဘက်သို့လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြု ကြလျှင်-
၃၀ သူတို့၏ဆုတောင်းပတ္ထနာကိုနားညောင်းတော် မူပါ။ ကိုယ်တော်စံတော်မူရာကောင်းကင်ဘုံ မှနားညောင်းတော်မူ၍ သူတို့အားအပြစ် ဖြေလွှတ်တော်မူပါ။ ကိုယ်တော်သာလျှင်လူ ၏အကြံအစည်ကိုသိတော်မူပါ၏။ လူ တစ်ဦးစီအားထိုက်သင့်သည့်အတိုင်း စီရင်တော်မူပါ။-
၃၁ သို့မှသာလျှင်ကိုယ်တော်၏လူမျိုးတော်သည် ဘိုးဘေးတို့အားပေးသနားတော်မူသည့် ပြည်တော်တွင် နေထိုင်သမျှကာလပတ်လုံး ကိုယ်တော်ကိုကြောက်ရွံ့ရိုသေကြပါလိမ့် မည်။''
၃၂ ``ကိုယ်တော်သည်အဘယ်မျှကြီးမြတ်တော်မူ ကြောင်း၊ အဘယ်မျှတန်ခိုးကြီးတော်မူကြောင်း၊ လက်ရုံးတော်ဖြင့်အဘယ်သို့ပြုတော်မူကြောင်း တို့ကိုရပ်ဝေးလူမျိုးခြားသားတစ်ယောက်သည် ကြားသိရသဖြင့် ဤဗိမာန်တော်သို့လာ၍ ဆုတောင်းပတ္ထနာပြုသောအခါ-
၃၃ ကိုယ်တော်စံတော်မူရာကောင်းကင်ဘုံမှနား ညောင်းတော်မူပြီးလျှင် ထိုသူတောင်းလျှောက် သည်အတိုင်းပြုတော်မူပါ။ သို့မှသာလျှင် ကမ္ဘာပေါ်ရှိလူအပေါင်းတို့သည်ကိုယ်တော် ၏လူမျိုးတော်နည်းတူ ကိုယ်တော်အားကြောက် ရွံ့ရိုသေကြပါလိမ့်မည်။ ထို့အပြင်ကိုယ်တော် အဖို့အကျွန်ုပ်တည်ဆောက်သည့်ဗိမာန်တော် သည်ကိုယ်တော်အားဝတ်ပြုကိုးကွယ်ရာ ဌာနတော်ဖြစ်ကြောင်းကိုသူတို့သိကြ ပါလိမ့်မည်။''
၃၄ ``ကိုယ်တော်သည်လူမျိုးတော်အားရန်သူတို့ ကိုတိုက်ခိုက်ရန်အမိန့်ပေးတော်မူသောအခါ သူတို့သည်မည်သည့်အရပ်၌ရှိသည်မဆို ကိုယ်တော်ရွေးချယ်ထားတော်မူသည့် ဤမြို့ တော်နှင့်ကိုယ်တော်အဖို့အကျွန်ုပ်တည်ဆောက် သည့်ဤဗိမာန်တော်သို့မျက်နှာမူ၍ဆု တောင်းပတ္ထနာပြုကြလျှင်-
၃၅ ကောင်းကင်ဘုံမှနားညောင်းတော်မူ၍သူတို့ အားအောင်ပွဲကိုပေးတော်မူပါ။''
၃၆ ``အပြစ်မကူးလွန်သူတစ်ယောက်မျှမရှိပါ။ သို့ဖြစ်၍ကိုယ်တော်၏လူမျိုးတော်သည်ကိုယ် တော်ကိုပြစ်မှားကြပါလိမ့်မည်။ ထိုအခါ ကိုယ်တော်သည်အမျက်ထွက်တော်မူ၍သူတို့ အားရန်သူများလက်တွင် အရေးရှုံးနိမ့်စေ လျက်တိုင်းတစ်ပါးသို့ဖမ်းဆီးခေါ်ဆောင် သွားစေတော်မူပါလိမ့်မည်။ ထိုတိုင်းပြည် သည်အလွန်ဝေးကွာစေကာမူ-
၃၇ ကိုယ်တော်သည်လူမျိုးတော်၏ဆုတောင်းပတ္ထ နာကိုနားညောင်းတော်မူပါ။ အကယ်၍သူတို့ သည်ထိုပြည်တွင်နောင်တရလျက် မိမိတို့ အဘယ်မျှအပြစ်ကူးလွန်ခဲ့၍အဘယ်မျှ ဆိုးညစ်ခဲ့ကြောင်းဖော်ပြဝန်ခံလျက် အထံ တော်သို့ဆုတောင်းပတ္ထနာပြုကြပါလျှင် အို ထာဝရဘုရား၊ သူတို့၏ဆုတောင်း ပတ္ထနာများကိုနားညောင်းတော်မူပါ။-
၃၈ အကယ်၍သူတို့သည်ထိုပြည်တွင်အမှန်ပင် နောင်တရလျက် မိမိတို့ဘိုးဘေးများအား ကိုယ်တော်ပေးတော်မူသည့်ပြည်တော်၊ ကိုယ်တော် ရွေးချယ်ထားတော်မူသည့်ဤမြို့တော်၊ အကျွန်ုပ် တည်ဆောက်ထားသည့်ဤဗိမာန်တော်သို့မျက် နှာမူ၍ဆုတောင်းပတ္ထနာပြုကြလျှင်၊-
၃၉ စံတော်မူရာကောင်းကင်ဘုံမှနားညောင်းတော် မူပြီးလျှင် သူတို့အားကရုဏာထားတော်မူ ၍ကိုယ်တော်၏လူမျိုးတော်၏အပြစ်များ ကိုဖြေလွှတ်တော်မူပါ။''
၄၀ ``အို အကျွန်ုပ်၏ဘုရားသခင်၊ ယခုအကျွန်ုပ် တို့ကိုကြည့်ရှုတော်မူ၍ဤဌာနတော်တွင်ပြု သည့်ဆုတောင်းပတ္ထနာများကိုနားညောင်းတော် မူပါ။-
၄၁ အို ဘုရားသခင်ထာဝရဘုရား၊ ယခုထတော် မူ၍ကိုယ်တော်၏တန်ခိုးတော်ကိုသရုပ်ဆောင် သည့်ပဋိညာဉ်သေတ္တာတော်နှင့်အတူ ဗိမာန်တော် ထဲသို့ကြွတော်မူပြီးလျှင်ကာလအစဉ်အမြဲ စံနေတော်မူပါ။ ကိုယ်တော်၏လူမျိုးတော်သည် မိမိတို့ခံစားရသည့်ကျေးဇူးတော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြပါစေသော။-
၄၂ အို ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် ရွေးချယ်ခန့်ထားတော်မူသောဘုရင်ကိုပစ်ပယ် တော်မမူပါနှင့်။ ကိုယ်တော်၏အစေခံဒါဝိဒ် အပေါ်တွင်ထားရှိတော်မူခဲ့သည့်မေတ္တာ တော်ကိုအောက်မေ့တော်မူပါ'' ဟုပတ္ထနာ ပြုတော်မူ၏။