တစ်ဦးချင်းစစ်ထိုးရန်ဣသရေလ အမျိုးသားတို့အားဂေါလျတ်ကစိန်ခေါ်ခြင်း
၁၇
၁ ဖိလိတ္တိအမျိုးသားတို့သည်ယုဒပြည်ရှောခေါ မြို့တွင်စုရုံးကာ ထိုမြို့နှင့်အဇေကာမြို့စပ် ကြားဧဖက်ဒမိမ်အရပ်တွင်တပ်ချထား ကြ၏။-
၂ ရှောလုနှင့်ဣသရေလအမျိုးသားများသည် လည်းစုရုံး၍ ဝက်သစ်ချချိုင့်ဝှမ်းတွင်တပ်ချ ပြီးလျှင်ဖိလိတ္တိတပ်သားတို့အားတိုက်ခိုက် ရန်အသင့်ပြင်ဆင်ကြ၏။-
၃ ဖိလိတ္တိအမျိုးသားတို့ကတောင်ကုန်းတစ်ခု ပေါ်တွင်လည်းကောင်း၊ ဣသရေလအမျိုးသား တို့ကအခြားတောင်ကုန်းတစ်ခုပေါ်တွင် လည်းကောင်းနေရာယူထားကြ၏။ သူတို့၏ စပ်ကြားတွင်ကားချိုင့်ဝှမ်းခံလျက်နေသတည်း။
၄ ဂါသမြို့သားဂေါလျတ်ဆိုသူသည်ဖိလိတ္တိတပ် စခန်းမှထွက်လာပြီးလျှင် ဣသရေလအမျိုးသား တို့အားမိမိနှင့်တစ်ဦးချင်းစစ်ထိုးရန်စိန်ခေါ် လေသည်။ သူသည်အရပ်ကိုးပေ ခန့်မြင့်၍၊-
၅ တစ်ရာနှစ်ဆယ့်ငါးပေါင်ခန့်လေးသောကြေးဝါ သံချပ်အင်္ကျီကိုဝတ်ဆင်ကာကြေးဝါခမောက် ကိုဆောင်းထား၏။-
၆ ကြေးဝါခြေစွပ်ကိုလည်းဝတ်လျက်ကြေးဝါ လက်ပစ်လှံကိုပုခုံးတွင်လွယ်ထား၏။-
၇ သူ၏လက်ထိုးလှံအရိုးသည်ယက်ကန်းလက် လိပ်တန်တမျှကြီး၏။ သံလှံသွားမှာလည်း တစ်ဆယ့်ငါးပေါင်ခန့်လေးသည်။ သူ၏ဒိုင်း လွှားကိုကိုင်ဆောင်သူစစ်သည်ကသူ၏ရှေ့ မှသွားရ၏။-
၈ ဂေါလျတ်သည်ရပ်လျက်ဣသရေလအမျိုးသား တို့အား``သင်တို့သည်အဘယ်ကြောင့်ဤအရပ်သို့ လာကြသနည်း။ စစ်တိုက်ရန်လော။ အချင်းရှောလု ၏ကျွန်တို့၊ ငါသည်ဖိလိတ္တိအမျိုးသားဖြစ်၏။ ငါနှင့်စစ်ထိုးရန်သင်တို့အထဲမှလူတစ် ယောက်ကိုရွေးချယ်ကြလော့။-
၉ အကယ်၍ထိုသူသည်ငါ့ကိုနှိမ်နင်းသတ် ဖြတ်နိုင်လျှင် ငါတို့သည်သင်တို့ထံတွင်ကျွန် ခံမည်။ သို့ရာတွင်အကယ်၍ငါသည်သူ့ကို နှိမ်နင်းသတ်ဖြတ်နိုင်ပါမူ သင်တို့သည်ငါ တို့ထံ၌ကျွန်ခံရကြမည်။-
၁၀ ယခုငါသည်ဣသရေလတပ်မတော်အားငါ နှင့်တစ်ဦးချင်းစစ်ထိုးရန်စိန်ခေါ်ပါ၏။ ငါနှင့် တိုက်ခိုက်ရန်လူတစ်ဦးကိုရွေးချယ်ကြလော့'' ဟုဆို၏။-
၁၁ ထိုစကားကိုကြားသောအခါရှောလုနှင့် သူ၏စစ်သည်တပ်သားတို့သည်ထိတ်လန့် ကြကုန်၏။
ရှောလု၏တပ်စခန်းသို့ဒါဝိဒ်ရောက်ရှိလာခြင်း
၁၂ ဒါဝိဒ်သည်ယုဒပြည်၊ ဗက်လင်မြို့မှဧဖရတ် အရပ်သားယေရှဲ၏သားဖြစ်၏။ ယေရှဲတွင် သားရှစ်ယောက်ရှိ၏။ ရှောလုမင်းနန်းစံချိန်၌ ယေရှဲသည်များစွာအိုမင်းလျက်နေလေပြီ။-
၁၃ သူ၏သားကြီးသုံးယောက်သည်ရှောလုနှင့်အတူ တိုက်ပွဲဝင်ရန်လိုက်သွားကြ၏။ အကြီးဆုံး သည်ဧလျာဘ၊ ဒုတိယသားမှာအဘိနဒပ်၊ တတိယသားကားရှိမာဖြစ်၏။-
၁၄-၁၅ ဒါဝိဒ်သည်အငယ်ဆုံးသားဖြစ်၏။ သားကြီး သုံးယောက်တို့သည်ရှောလုထံတွင်ခစားလျက် နေကြသော်လည်း ဒါဝိဒ်မူကားရံဖန်ရံခါ ဗက်လင်မြို့သို့ပြန်ပြီးလျှင်ဖခင်၏သိုးတို့ ကိုထိန်းကျောင်းလေ့ရှိ၏။
၁၆ ဂေါလျတ်သည်ဣသရေလအမျိုးသားတို့ အား တစ်ဦးချင်းစစ်ထိုးရန်နံနက်တစ်ခါ၊ ညတစ်ခါအရက်လေးဆယ်တိုင်တိုင်စိန် ခေါ်လေသည်။
၁၇ တစ်နေ့သ၌ယေရှဲသည်ဒါဝိဒ်အား``ဤပေါက် ပေါက်တစ်တင်းနှင့်မုန့်ဆယ်လုံးကိုယူ၍သင် ၏အစ်ကိုများရှိရာတပ်စခန်းသို့အမြန် သွားလော့။-
၁၈ တပ်မှူးအတွက်ဒိန်ခဲဆယ်လုံးကိုလည်းယူ ၍သွားပါလေ။ သင်၏အစ်ကိုများကျန်းမာ သည်မကျန်းမာသည်ကိုစုံစမ်းပြီးလျှင် သူတို့ကျန်းမာစွာရှိကြောင်းသက်သေတစ် ခုခုကိုယူခဲ့လော့။-
၁၉ ရှောလုမင်းမှစ၍သင့်အစ်ကိုများနှင့်အခြား ဣသရေလအမျိုးသားတို့သည် ဧလာချိုင့်ဝှမ်း တွင်ဖိလိတ္တိအမျိုးသားတို့နှင့်တိုက်ပွဲဝင်လျက် ရှိနေကြ၏'' ဟုဆို၏။
၂၀ ဒါဝိဒ်သည်နောက်တစ်နေ့နံနက်စောစောထ ၍ သိုးတို့ကိုအခြားလူတစ်ယောက်လက်တွင် အပ်ပြီးနောက် အစားအစာများကိုယူကာ ယေရှဲမှာကြားသည့်အတိုင်းထွက်ခွာသွား လေသည်။ သူသည်ဣသရေလအမျိုးသား တို့နှင့် ဖိလိတ္တိအမျိုးသားတို့စစ်တိုက်ရန် ကြွေးကြော်ကာ စစ်မြေပြင်သို့ထွက်ခွာလာ ချိန်၌ရောက်ရှိလာ၏။-
၂၁ ဖိလိတ္တိအမျိုးသားများနှင့်ဣသရေလ အမျိုးသားတို့သည်တိုက်ပွဲဝင်ရန် မျက်နှာ ချင်းဆိုင်နေရာယူကြ၏။-
၂၂ ဒါဝိဒ်သည်မိမိယူဆောင်လာသည့်အစားအစာ များကို ရိက္ခာတာဝန်ခံထံတွင်အပ်ထား၍စစ် မြေပြင်သို့ပြေးသွား၏။ ထိုနောက်မိမိ၏ အစ်ကိုများထံသွားရောက်နှုတ်ဆက်၏။-
၂၃ ယင်းသို့သူတို့နှင့်စကားပြောနေချိန်၌ ဂေါလျတ်သည် ရှေ့သို့ထွက်လာပြီးလျှင်ဣသ ရေလအမျိုးသားတို့အား မိမိနှင့်တစ်ဦး ချင်းစစ်ထိုးရန်ယခင်ကနည်းတူစိန်ခေါ် လေသည်။ ထိုစိန်ခေါ်သံကိုဒါဝိဒ်ကြား၏။-
၂၄ ဣသရေလအမျိုးသားတို့သည်ဂေါလျတ် ကိုမြင်လျှင်ကြောက်၍ထွက်ပြေးကြ၏။-
၂၅ ``သူ့အားကြည့်ကြလော့။ သူကြိမ်းဝါးသည် ကိုလည်းနားထောင်ကြလော့။ ရှောလုမင်း သည်ထိုသူ့ကိုသတ်ဖြတ်နိုင်သူအားဆု တော်လာဘ်တော်ကိုပေးတော်မူမည်ဟုကတိ ပြုထား၏။ မင်းကြီးသည်ထိုသူအား သမီး တော်နှင့်လည်းထိမ်းမြားစုံဖက်တော်မူပါ လိမ့်မည်။ ထို့ပြင်သူ့ဖခင်၏အိမ်ထောင်စုကို အခွန်တော်များလွတ်ငြိမ်းခွင့်ပြုတော်မူ လိမ့်မည်'' ဟုအချင်းချင်းပြောဆိုနေ ကြ၏။
၂၆ ဒါဝိဒ်သည်အနီး၌ရှိသောလူတို့အား``ဤ ဖိလိတ္တိအမျိုးသားကိုသတ်၍ဣသရေလ အမျိုးသားတို့၏အသရေကိုဆယ်နိုင်သူ သည် အဘယ်အကျိုးကိုခံစားရပါမည် နည်း။ အကယ်စင်စစ်ဤဘုရားမဲ့ဖိလိတ္တိ အမျိုးသားသည်အဘယ်သို့သောသူဖြစ်၍ အသက်ရှင်တော်မူသောဘုရားသခင် ၏တပ်မတော်ကိုအံတု၍နေပါသနည်း'' ဟုဆို၏။-
၂၇ သူတို့ကလည်းဂေါလျတ်ကိုသတ်နိုင်သူ သည် မည်သည့်အကျိုးခံစားရမည်ကို ဒါဝိဒ်အားပြောကြ၏။
၂၈ ထိုသူတို့နှင့်ဒါဝိဒ်ပြောသောစကားကို အစ်ကိုကြီးဧလျာဘကြားလျှင် အမျက် ထွက်၍``သင်သည်အဘယ်ကြောင့်ဤအရပ် သို့လာသနည်း။ တောကန္တာရတွင်သိုးများ ကိုအဘယ်သူထိန်းကျောင်းလျက်နေပါ သနည်း။ သင်၏စိတ်နေမြင့်မှု၊ ဆိုးညစ်ယုတ် မာမှုကိုငါသိ၏။ သင်သည်စစ်ပွဲကြည့် ရန်လာရောက်ခြင်းသာဖြစ်၏'' ဟုဆို၏။
၂၉ ဒါဝိဒ်က``အကျွန်ုပ်သည်အဘယ်အမှုကို ပြုမိပါသနည်း။ မေးခွန်းတစ်ခုကိုမျှမေး နိုင်ခွင့်မရှိပါသလော'' ဟုဆို၍၊-
၃၀ အခြားသူတို့ဘက်သို့လှည့်ပြီးလျှင် ယခင် ကဲ့သို့မေးမြန်းပြီးလျှင်ရှေးနည်းတူပြန် ပြောကြ၏။
၃၁ လူအချို့တို့သည်ဒါဝိဒ်ပြောဆိုသောစကား ကိုကြား၍ ရှောလုအားသံတော်ဦးတင်ကြ သောအခါရှောလုသည်ဒါဝိဒ်ကိုခေါ်တော် မူ၏။-
၃၂ ဒါဝိဒ်က``အရှင်မင်းကြီး၊ ဤဖိလိတ္တိအမျိုး သားအား အဘယ်သူမျှမကြောက်သင့်ပါ။ အကျွန်ုပ်သည်သွား၍သူနှင့်စစ်ထိုးပါမည်'' ဟုရှောလုအားလျှောက်၏။
၃၃ ရှောလုက``အဘယ်သို့လျှင်သင်သည်သူနှင့် စစ်ထိုးနိုင်ပါမည်နည်း။ သင်သည်သူငယ်မျှ သာရှိသေး၏။ ထိုသူမူကားတစ်သက်လုံး စစ်သူရဲလုပ်ခဲ့သူဖြစ်၏'' ဟုဆိုသော်၊
၃၄ ဒါဝိဒ်က``အရှင်မင်းကြီး၊ အကျွန်ုပ်သည် ဖခင်၏သိုးများကိုထိန်းကျောင်းရသူ ဖြစ်ပါ၏။ သိုးတစ်ကောင်ကိုခြင်္သေ့သော် လည်းကောင်း၊ ဝက်ဝံသော်လည်းကောင်း ကိုက်ချီသွားပါလျှင်၊-
၃၅ အကျွန်ုပ်သည်ထိုသားရဲကိုလိုက်လံတိုက်ခိုက် ကာ သိုးငယ်ကိုကယ်ဆယ်ပါ၏။ အကယ်၍ခြင်္သေ့ သို့မဟုတ်ဝက်ဝံသည် အကျွန်ုပ်ကိုလှည့်၍ကိုက် ခဲ့သော်အကျွန်ုပ်သည်သူ၏လည်မြိုကိုကိုင်၍ ရိုက်သတ်ပါ၏။-
၃၆ အကျွန်ုပ်သည်ခြင်္သေ့နှင့်ဝက်ဝံတို့ကိုသတ်ခဲ့သူ ဖြစ်၍ အသက်ရှင်တော်မူသောဘုရားသခင်၏ တပ်မတော်ကိုအံတုသူ၊ ဤဘုရားမဲ့ဖိလိတ္တိ အမျိုးသားအားလည်းသတ်ဖြတ်နိုင်ပါသည်။-
၃၇ ထာဝရဘုရားသည်အကျွန်ုပ်အားခြင်္သေ့ ဘေး၊ ဝက်ဝံဘေးမှကယ်တော်မူခဲ့ပါပြီ။ ကိုယ်တော်သည်အကျွန်ုပ်အား ဤဖိလိတ္တိ အမျိုးသား၏လက်မှလည်းကယ်တော် မူပါလိမ့်မည်'' ဟုလျှောက်၏။
ရှောလုက``ကောင်းပြီ၊ သွားလော့။ ထာဝရ ဘုရားသည် သင်နှင့်အတူရှိတော်မူပါ စေသော'' ဟုဆိုကာ၊-
၃၈ မိမိကိုယ်ပိုင်လက်နက်စုံကိုဒါဝိဒ်အား တပ်ဆင်ပေး၏။ ကြေးဝါခမောက်ကိုဆောင်း ပေးပြီးလျှင်သံချပ်အင်္ကျီကိုဝတ်ဆင်စေ တော်မူ၏။-
၃၉ ဒါဝိဒ်သည်သံချပ်အင်္ကျီအပေါ်တွင် ရှောလု ၏ဋ္ဌားကိုချိတ်ဆွဲကာလမ်းလျှောက်ကြည့်၏။ သို့ရာတွင်သံချပ်အင်္ကျီဝတ်ကျင့်မရှိသဖြင့် သူသည်လမ်းလျှောက်၍မရ။ ထို့ကြောင့်ရှောလု အား``အကျွန်ုပ်သည်ဤတန်ဆာမျိုးကိုဝတ် ကျင့်မရှိပါ'' ဟုလျှောက်ပြီးလျှင်ချွတ် လိုက်၏။-
၄၀ သူသည်မိမိ၏သိုးထိန်းတောင်ဝှေးကိုယူ၍ စမ်းချောင်းထဲမှကျောက်ခဲငါးလုံးကိုကောက် ယူကာလွယ်အိတ်ထဲသို့ထည့်လိုက်၏။ ထိုနောက် လောက်လွှဲကိုအသင့်ကိုင်၍ ဂေါလျတ်နှင့် တွေ့ဆုံရန်ထွက်သွားလေသည်။
ဂေါလျတ်အားဒါဝိဒ်နှိမ်နင်းလိုက်ခြင်း
၄၁ ဂေါလျတ်သည်မိမိ၏ဒိုင်းလွှားကိုင်ဆောင် သူ၏နောက်မှနေ၍ ဒါဝိဒ်ရှိရာသို့ချဉ်း ကပ်လာ၏။-
၄၂ သူသည်ဒါဝိဒ်ကိုသေချာစွာကြည့်သော အခါ ဒါဝိဒ်ကားရှုချင်ဖွယ်ကောင်းသည့် သူငယ်တစ်ယောက်မျှသာဖြစ်သည်ကိုတွေ့ ရှိရသောကြောင့် သူ့အားမထီလေးစားပြု လေသည်။-
၄၃ သူကဒါဝိဒ်အား``တောင်ဝှေးနှင့်အဘယ်ကြောင့် လာပါသနည်း။ ငါ့အားခွေးထင်မှတ်သလော'' ဟုဆိုပြီးလျှင်မိမိ၏ဘုရားကိုတိုင်တည်၍ ဒါဝိဒ်အားကျိန်ဆဲလေသည်။-
၄၄ ထိုနောက်``လာခဲ့လော့။ ငါသည်သင့်အသား ကိုငှက်များနှင့်သားရဲတိရစ္ဆာန်များ၏ အစာဖြစ်စေအံ့'' ဟုဆို၏။
၄၅ ဒါဝိဒ်က``သင်သည်ဋ္ဌား၊ ပစ်လှံ၊ ထိုးလှံတို့နှင့် သာလာ၏။ ငါမူကားသင်အံတုသည့်ဣသရေ လစစ်သည်တော်တို့၏ဘုရားဖြစ်တော်မူသော အနန္တတန်ခိုးရှင်ထာဝရဘုရား၏နာမတော် နှင့်လာ၏။-
၄၆ ယနေ့ပင်လျှင်ထာဝရဘုရားသည်သင့်အား ငါ၏လက်တွင်အပ်နှင်းတော်မူလိမ့်မည်။ ငါ သည်သင့်ကိုနှိမ်နင်း၍သင်၏ဦးခေါင်းကို ဖြတ်ပစ်မည်။ ဖိလိတ္တိတပ်သားတို့၏အသေ ကောင်များကိုငှက်များ၊ သားရဲတိရစ္ဆာန်များ ၏အစာဖြစ်စေမည်။ ထိုအခါဣသရေလ အမျိုးသားတို့တွင် ဘုရားရှိတော်မူကြောင်း တစ်ကမ္ဘာလုံးသိကြလိမ့်မည်။-
၄၇ ကိုယ်တော်သည်မိမိ၏လူမျိုးတော်အားကယ် တင်ရန်အတွက် ဋ္ဌား၊ လှံလက်နက်များကိုအသုံး ပြုတော်မူရန်မလိုကြောင်းကိုလည်း ဤအရပ် တွင်ရှိသမျှသောလူတို့တွေ့မြင်ရကြလိမ့် မည်။ ကိုယ်တော်သည်စစ်မက်ရေးရာကိုပိုင် တော်မူသဖြင့် သင်တို့အားလုံးကိုငါတို့ လက်သို့အပ်နှင်းတော်မူလိမ့်မည်'' ဟုဆို၏။
၄၈ ဂေါလျတ်သည် ဒါဝိဒ်ရှိရာသို့တစ်ဖန်ချဉ်းကပ် လာ၏။ ဒါဝိဒ်သည်သူနှင့်စစ်ထိုးရန်ဖိလိတ္တိ တပ်ဦးသို့အလျင်အမြန်ပြေး၍၊-
၄၉ မိမိလွယ်အိတ်မှကျောက်ခဲတစ်လုံးကိုနှိုက်ယူ ပြီးလျှင် လောက်လွှဲနှင့်ဂေါလျတ်အားပစ်လိုက်၏။ ကျောက်ခဲသည်ဂေါလျတ်၏နဖူးကိုထိမှန်၍ နဖူးပေါက်သဖြင့်ဂေါလျတ်သည်မြေပေါ်သို့ ငိုက်စိုက်လဲကျသွားတော့၏။-
၅၀ ဤကဲ့သို့ဒါဝိဒ်သည်ဋ္ဌားမပါဘဲ လောက်လွှဲနှင့် ကျောက်ခဲတစ်လုံးဖြင့်ဂေါလျတ်အားသေ လောက်သည့်ဒဏ်ရာရစေလျက်နှိမ်နင်းလိုက် သတည်း။-
၅၁ သူသည်ဂေါလျတ်ရှိရာသို့ပြေးပြီးနောက် သူ့ကို ခြေနှင့်နင်းကာသူ၏ဋ္ဌားကိုဋ္ဌားအိမ်မှဆွဲထုတ် ပြီးလျှင် ခေါင်းကိုဖြတ်၍သတ်လေတော့သည်။
ဖိလိတ္တိအမျိုးသားများသည် မိမိတို့သူရဲ ကောင်းကြီးကျဆုံးသွားသည်ကိုမြင်ကြ သောအခါထွက်ပြေးကြကုန်၏။-
၅၂ ဣသရေလနှင့်ယုဒတပ်သားများသည်လည်း အော်သံပေးကာဂါသမြို့နှင့် ဧကြုန်မြို့တံခါးများတိုင်အောင်သူတို့အား လိုက်လံတိုက်ခိုက်ကြ၏။ ဖိလိတ္တိအမျိုးသား တို့သည်ဒဏ်ရာရ၍ ဂါသမြို့နှင့်ဧကြုန်မြို့ တိုင်အောင်ရှာရိမ်လမ်းတစ်လျှောက်လုံး၌ ကျဆုံးကြကုန်၏။-
၅၃ ဣသရေလအမျိုးသားတို့သည်လိုက်လံ တိုက်ခိုက်ရာမှပြန်လာကြပြီးနောက် ဖိလိတ္တိ တပ်စခန်းကိုဝင်ရောက်လုယက်ကြလေသည်။-
၅၄ ဒါဝိဒ်သည်ဂေါလျတ်၏ဦးခေါင်းကိုယူ၍ ယေရုရှလင်မြို့သို့သယ်ဆောင်သွား၏။ ဂေါ လျတ်၏လက်နက်များကိုမူမိမိ၏တပ် စခန်းတွင်သိမ်းဆည်းထား၏။
ဒါဝိဒ်အားရှောလု၏ရှေ့တော်သို့သွင်းခြင်း
၅၅ ဂေါလျတ်နှင့်စစ်ထိုးရန် ဒါဝိဒ်ထွက်သွားသည် ကိုရှောလုမြင်သောအခါ ဗိုလ်ချုပ်အာဗနာ အား``အာဗနာ၊ ထိုသူငယ်ကားအဘယ်သူ နည်း'' ဟုမေးတော်မူ၏။
အာဗနာက``အရှင်မင်းကြီး၊ အကျွန်ုပ်မသိပါ'' ဟုလျှောက်၏။
၅၆ ရှောလုက``မသိလျှင်သွား၍စုံစမ်းလော့'' ဟု မိန့်တော်မူ၏။
၅၇ ထို့ကြောင့်ဂေါလျတ်ကိုဒါဝိဒ်သတ်ပြီးနောက် တပ်စခန်းသို့ပြန်လာသောအခါအာဗနာ သည်သူ့ကိုခေါ်၍ ရှောလု၏ရှေ့တော်သို့သွင်း လေ၏။ ထိုအခါဒါဝိဒ်သည်ဂေါလျတ်၏ ဦးခေါင်းကိုကိုင်ဆောင်လျက်ပင်ရှိသေး၏။-
၅၈ ရှောလုက``အချင်းလူငယ်၊ သင်ကားအဘယ် သူ၏သားနည်း'' ဟုမေးတော်မူလျှင်၊
ဒါဝိဒ်က``အကျွန်ုပ်သည်အရှင်၏အစေခံ၊ ဗက်လင်မြို့သားယေရှဲ၏သားဖြစ်ပါ၏'' ဟုပြန်လည်လျှောက်ထား၏။