ဂလာတိသြဝါဒစာ
နိဒါန်း
ယုဒအမျိုးသားမဟုတ်သူတို့သည် သခင် ယေရှုအကြောင်းသတင်းကောင်းကိုကြိုဆို လက်ခံယုံကြည်လာကြသောအခါ မောရှေ၏ ပညတ်တရားကိုစောင့်ထိန်းဖို့လိုမလိုဟူ သောပြဿနာပေါ်ပေါက်လာ၏။ ရှင်ပေါလုက ယင်းသို့စောင့်ထိန်းရန်မလိုကြောင်း၊ ခရစ်ယာန် ဖြစ်ရန်တစ်ခုတည်းသောလိုအပ်ချက်မှာ ခရစ် တော်ကိုယုံကြည်ခြင်းပင်ဖြစ်ကြောင်း၊ ဤနည်း အားဖြင့်သာလျှင်လူကိုဘုရားသခင်နှင့်မှန် ကန်စွာဆက်ဆံစေနိုင်ကြောင်းတို့ကိုတင်ပြ သည်။ သို့ရာတွင်အာရှမိုင်းနားဒေသ၊ ရောမ နိုင်ငံ၏လက်အောက်ခံပြည်နယ်တစ်ခုဖြစ် သည့်ဂလာတိပြည်ရှိအသင်းတော်များ တွင်ရှင်ပေါလုအားအတိုက်အခံပြုသူ များက ခရစ်ယာန်ဟူသည်ဘုရားသခင်နှင့် မှန်ကန်စွာဆက်ဆံနိုင်ရန် မောရှေ၏ပညတ် တရားကိုလည်းစောင့်ထိန်းဖို့လိုကြောင်း အလေးအနက်ပြောဆိုကြ၏။
ယင်းသို့မှားယွင်းသည့်အယူဝါဒကိုခံယူမိ သူတို့အား မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ရောက် ရှိနိုင်စေရန် ရှင်ပေါလုသည်ဂလာတိသြဝါဒစာ ကိုရေးသားလေသည်။ မိမိသည်သခင်ယေရှုခရစ် ၏တမန်တော်ဖြစ်ကြောင်းကိုအကျိုးအကြောင်း နှင့်တကွဦးစွာတင်ပြ၏။ လူ၏အခွင့်အာဏာ နှင့်မိမိအားတမန်တော်အဖြစ်ခန့်ထားသည် မဟုတ်ဘဲ ဘုရားသခင်၏အခွင့်အာဏာတော် နှင့်သာခန့်ထားခြင်းဖြစ်ကြောင်း၊ မိမိပေးအပ် ခြင်းခံရသည့်အထူးတာဝန်မှာ ယုဒအမျိုး သားမဟုတ်သူတို့ထံတွင်အမှုတော်ဆောင်ရန် ဖြစ်ကြောင်းပြောပြီးနောက်၊ မည်သူမဆိုသခင် ယေရှုကိုယုံကြည်ခြင်းအားဖြင့်သာလျှင် ဘုရား သခင်နှင့်မှန်ကန်စွာဆက်ဆံနိုင်သည်ဟူသော အချက်ကိုအကျယ်တဝင့်ရှင်းလင်းတင်ပြ၏။ နိဂုံးချုပ်အခန်းများတွင်ခရစ်ယာန်တို့သည် မိမိတို့၏ပြုမူကျင့်ကြံမှုတို့အားဖြင့် ခရစ် တော်ကိုယုံကြည်မှုအပေါ်အခြေခံသော မေတ္တာတရားကိုအကောင်အထည်ဖော်ရမည် ဖြစ်ကြောင်းသြဝါဒပေးလေသည်။
အကြောင်းအရာအကျဉ်းချုပ်
နိဒါန်း ၁:၁-၁၀
တမန်တော်အဖြစ်ရှင်ပေါလုရရှိထားသည့် အခွင့်အာဏာ ၁:၁၁-၂:၂၁
ဘုရားသခင်၏ကျေးဇူးတော်အကြောင်း သတင်းကောင်း ၃:၁-၄:၃၁
ခရစ်ယာန်လွတ်လပ်မှုနှင့်တာဝန်ဝတ္တရား ၅:၁-၆:၁၀
နိဂုံး ၆:၁၁-၁၈
1
1-2 တမန်တော်ဖြစ်သူငါပေါလုနှင့် ဤအရပ်တွင် ရှိသည့်ညီအစ်ကိုအပေါင်းတို့က ဂလာတိပြည် ရှိအသင်းတော်များသို့စာရေးလိုက်ပါသည်။ ငါ သည်လူအမိန့်အာဏာဖြင့် တမန်တော်ရာထူးကို အပ်နှင်းခြင်းခံရသူမဟုတ်။ လူခန့်ထားသည့် တမန်တော်လည်းမဟုတ်။ ယေရှုခရစ်ကလည်း ကောင်း၊ ထိုအရှင်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူသောခမည်းတော်ဘုရားသခင်က လည်းကောင်း ခန့်ထားတော်မူသောသူဖြစ်၏။
3 ငါတို့အဖဘုရားသခင်၏အလိုတော်နှင့် ယေရှု ခရစ်ထံတော်မှကျေးဇူးတော်နှင့်ငြိမ်သက်ခြင်း ကိုသင်တို့ခံစားကြပါစေသော။
4 ငါတို့အဖဘုရားသခင်၏အလိုတော်နှင့်အညီ ခရစ်တော်သည်ငါတို့အား ဤဆိုးယုတ်သော ပစ္စုပ္ပန်ခေတ်မှကယ်တင်နိုင်ရန် ငါတို့၏အပြစ် များအတွက်မိမိကိုယ်ကိုစွန့်တော်မူ၏။- 5 ထိုအရှင်သည်ကာလအစဉ်အဆက် ဘုန်း အသရေထွန်းတောက်တော်မူပါစေသတည်း။
တစ်ခုတည်းသောသတင်းကောင်း
6 ခရစ်တော်၏ကျေးဇူးတော်အားဖြင့် သင်တို့အား ခေါ်ယူတော်မူသောအရှင်ကို သင်တို့သည်ဤ မျှဆောလျင်စွာစွန့်ပစ်ကြပြီးလျှင် အခြား သတင်းကောင်းတစ်မျိုးကိုနာယူလျက်ရှိကြ သဖြင့်ငါအံ့သြမိ၏။- 7 သခင်ယေရှုအကြောင်းသတင်းကောင်းမှာအခြား မူကွဲမရှိ။ သင်တို့၏စိတ်ကိုနှောင့်ယှက်၍ ခရစ်တော် ၏အကြောင်းသတင်းကောင်းကို မှောက်လှန်လိုသူလူ အချို့ရှိ၏။- 8 ငါတို့ဖြစ်စေ၊ ကောင်းကင်ဘုံမှကောင်းကင်တမန် ပင်ဖြစ်စေသင်တို့အား ငါဟောပြောကြေညာခဲ့ သည့်သတင်းကောင်းနှင့် ကွဲပြားခြားနားသည့် သတင်းကောင်းကိုဟောပြောလျှင်ကျိန်တော်မူ ခြင်းကိုခံစေ။- 9 သင်တို့နာယူရရှိသည့်သတင်းကောင်းနှင့်မတူ ကွဲပြားခြားနားသည့်သတင်းကောင်းကိုဟောပြော သူသည် ကျိန်တော်မူခြင်းကိုခံစေဟူ၍ ငါတို့ ဆိုခဲ့ပြီးသည့်အတိုင်းယခုထပ်မံ၍ငါဆို၏။
10 ဤသို့ပြောဆိုရာ၌ငါသည် လူ၏ထောက်ခံမှုကို ရရန်ကြိုးစားနေပါသလော။ ငါသည်ဘုရားသခင် ၏ထောက်ခံမှုမှလွဲ၍ မည်သူ့ထောက်ခံမှုကိုလိုပါ သနည်း။ ငါသည်လူတို့ထံမှမျက်နှာရအောင်ကြိုး စားဆောင်ရွက်နေပါသလော။ အကယ်၍ငါသည် လူတို့ထံမှမျက်နှာရအောင်ကြိုးစားဆောင်ရွက် နေသေးပါမူခရစ်တော်၏အစေခံမဖြစ်နိုင်။
ပေါလုတမန်တော်ဖြစ်လာပုံ
11 ညီအစ်ကိုတို့၊ သင်တို့အားငါဟောပြောကြေညာ သောသတင်းကောင်းသည် လူတီထွင်သည့်သတင်း ကောင်းမဟုတ်ကြောင်းကိုသင်တို့အားဖော်ပြမည်။- 12 ထိုသတင်းကောင်းကိုငါသည်မည်သည့်လူ တစ်စုံတစ်ယောက်ထံကမျှရသည်မဟုတ်။ မည်သူမျှလည်းငါ့ကိုသင်ကြား၍မပေး။ ထို သတင်းကောင်းကိုယေရှုခရစ်ကိုယ်တော်တိုင် ငါ့အားဗျာဒိတ်တော်အားဖြင့်ပေးအပ်တော် မူ၏။
13 ငါသည်ယုဒဘာသာတရားကိုကြည်ညိုလေး စားသူဖြစ်ခဲ့စဉ်အခါက မည်သို့ကျင့်ကြံပြုမူ ခဲ့ကြောင်းကိုသင်တို့ကြားသိကြပြီးဖြစ်၏။ ငါ သည်ဘုရားသခင်၏အသင်းတော်ဝင်တို့ကို ရက်စက်ကြမ်းကြုတ်စွာညှဉ်းဆဲ၍ အသင်းတော် ကိုဖျက်ဆီးရန်အစွမ်းကုန်ကြိုးစားခဲ့၏။-✡ တ၊ ၈:၃၊ ၂၂:၄-၅၊ ၂၆:၉-၁၁။ 14 ဘာသာတရားကိုလက်တွေ့ကျင့်သုံးရာတွင် ငါ သည်မိမိနှင့်သက်တူရွယ်တူယုဒအမျိုးသား အများတို့ထက် ပို၍စိတ်အားထက်သန်စွာဘိုး ဘေးတို့၏ထုံးတမ်းစဉ်လာများကိုလိုက် လျှောက်ခဲ့၏။✡ တ၊ ၂၂:၃။
15-16 သို့ရာတွင်မမွေးမီကပင်လျှင်ဘုရားသခင်သည် ကျေးဇူးတော်အားဖြင့် ငါ့အားရွေးချယ်၍အမှု တော်ဆောင်ရန်ခေါ်ယူတော်မူ၏။ ထိုနောက်လူမျိုး ခြားတို့အားသားတော်၏အကြောင်းသတင်း ကောင်းကိုဟောပြောကြေညာနိုင်စေရန် မိမိ၏ အလိုတော်နှင့်အညီငါ့အား ထိုသားတော်ကို ဖူးမြင်ခွင့်ပေးတော်မူ၏။ ထိုအခါငါသည် အဘယ်သူ၏ထံ၌မျှအကြံဉာဏ်မတောင်း ခံခဲ့။-✡ တ၊ ၉:၃-၆၊ ၂၂:၆-၁၀၊ ၂၆:၁၃-၁၈။ 17 ငါ၏အလျင်တမန်တော်ရာထူးကိုရရှိသူ တို့နှင့်တွေ့ရန် ယေရုရှလင်မြို့သို့လည်းငါ မသွား။ ဦးစွာပထမအာရေဗျပြည်သို့ သွားပြီးနောက် ဒမာသက်မြို့သို့ပြန်လာခဲ့၏။- 18 သုံးနှစ်မျှကြာသော်ပေတရုနှင့်တွေ့ဆုံရန် ယေရုရှလင်မြို့သို့သွား၍သူနှင့်အတူ တစ်ဆယ့်ငါးရက်မျှနေထိုင်ခဲ့၏။-✡ တ၊ ၉:၂၆-၃၀။ 19 သို့ရာတွင်ငါသည်သခင်ဘုရား၏ညီတော် ယာကုပ်မှလွဲ၍ အခြားအဘယ်တမန်တော် နှင့်မျှမတွေ့မဆုံခဲ့။
20 ဤအကြောင်းအရာများကိုမုသားသုံး၍ရေး သည်မဟုတ်ကြောင်း ဘုရားသခင်သိတော်မူ၏။
21 ထိုနောက်ငါသည်ရှုရိနှင့်ကိလိကိနယ်များသို့ သွားရောက်၏။- 22 သို့သော်ထိုအချိန်ကယုဒပြည်ရှိခရစ်ယာန် အသင်းတော်ဝင်အပေါင်းတို့သည် ငါနှင့်တွေ့ဆုံ သိကျွမ်းခွင့်ကိုမရကြသေး။- 23 ``ငါတို့ကိုနှိပ်စက်ညှဉ်းဆဲခဲ့သူသည်ယခင်က မိမိဖျက်ဆီးရန်ကြိုးစားခဲ့သည့်ဘာသာတရား တော်ကို ယခုအခါဟောပြောလျက်ရှိပါသည် တကား'' ဟုလူတို့ပြောဆိုသံကိုသာလျှင်သူ တို့ကြားသိရကြ၏။- 24 ထို့ကြောင့်သူတို့သည်ငါ့ကိုအကြောင်းပြု၍ ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူးကြပေ သည်။