ဟေရှာယအနာဂတ္တိကျမ်း
နိဒါန်း
ဟေရှာယကျမ်းစောင်ကို ခ၊ မ ရှစ်ရာစုနှစ်ဝက်နောက်ပိုင်း၌ ယေရုရှလင်မြို့တွင်နေထိုင်သောပရောဖက်ကြီးတစ်ပါး၏နာမည်ကိုအစွဲပြု၍ ခေါ်ဆိုထားခြင်းဖြစ်သည်။ ဤကျမ်းစောင်ကိုအဋ္ဌိကအချက် (၃) ချက်ခွဲခြားထားပါသည်။
၁။ အခဏ်းကြီး ၁-၃၉ တောင်ပိုင်းနိုင်ငံဖြစ်သောယုဒပြည်သည်တန်ခိုးကြီးမားသောအိမ်နီးချင်းနိုင်ငံအာရှုရိပြည်၏ ခြိမ်းခြောက်ခြင်းကိုခံနေရသောအချိန်အခါဖြစ်ပါသည်။ ဟေရှာယ၏အမြင်တွင် ယုဒပြည်ကိုအမှန်တကယ်ခြိမ်းခြောက်နေသောအရာမှာအာရှုရိ၏အင်အားမဟုတ်ပါ။ မိမိလူမျိုးကိုယ်တိုင်၏အပြစ်များနှင့်ဘုရားသခင်၏စကားကိုနားမထောင်ခြင်းများ၊ ဘုရားသခင်ကိုယုံကြည်ခြင်းကင်းမဲ့မှုများပင်ဖြစ်ပါသည်။ ပရောဖက်သည်ရှင်းလင်းပြတ်သားသောစကားလုံးတို့ဖြင့် ထိုသူတို့နှင့်ထိုသူတို့၏ခေါင်းဆောင်တို့အားဖြောင့်မတ်မှန်ကန်သောအသက်တာနှင့်တရားမျှတမှုရှိသောအသက်တာသို့ခေါ်ဆောင်ပြီး၊ ထိုသူတို့၏ဘုရားသခင်စကားကိုနားမထောင်ခြင်းဖြင့်ပျက်စီးခြင်းသို့ရောက်မည့်အကြောင်းကို သတိပေးခဲ့ပါသည်။ ထိုမျှမကတစ်ကမ္ဘာလုံးနှင့်ဆိုင်သောငြိမ်းချမ်းရေးနှင့်တကွ တရားတော်နှင့်အညီမျှတစွာအုပ်စိုးမည့်ဘုရင်တစ်ပါးသည် ဒါဝိဒ်မင်း၏အမျိုးအနွယ်မှဆင်းသက်မည်ကိုဟေရှာယမှကြိုတင်၍ပြောဆိုခဲ့ပါသည်။
၂။ အခဏ်းကြီး ၄၀-၅၅ ယုဒလူမျိုးများစွာတို့သည်ဗာဗုလုန်နိုင်ငံတွင်ကျွန်ခံနေရသောအချိန်၊ ဖိစီးနှိပ်စက်ခြင်းခံနေရသောအချိန်၊ မျှော်လင့်ခြင်းကင်းမဲ့နေသောအချိန်အခါဖြစ်သည်။ ပရောဖက်က၊ ဘုရားသခင်သည်မိမိ၏လူမျိုးတော်ကိုလွတ်ခြင်းအခွင့်ပေးပြီး၊ ဘဝသစ်ကိုအစပြုရန်အတွက်မိမိတို့၏နေရင်းအရပ်ဖြစ်သောယေရုရှလင်မြို့သို့ ပြန်လည်ပို့ဆောင်တော်မူမည်ဟုပြောကြားခဲ့ပါသည်။ ဤအခဏ်းကြီးတို့၏အဋ္ဌိကအချက်မှာ၊ ဘုရားသခင်သည်သမိုင်း၏အရှင်သခင်ဖြစ်ပြီး၊ ဣသရေလလူမျိုးများနှင့်တကွထိုလူမျိုးအားဖြင့် ကောင်းချီးခံစားရမည့်လူမျိုးအားလုံးတို့အတွက် ထိုသခင်၏အကြံအစည်တော်ဖြစ်ပါသည်။ ``ဘုရားသခင်၏အစေခံ'' ဆိုသောစကားလုံးများသည်ဋ္ဌမ္မဟောင်းကျမ်း၏လူသိများသောအကြောင်းအရာများတွင်ပါဝင်ပါသည်။
၃။ အခဏ်းကြီး ၅၆-၆၆ ယေရုရှလင်မြို့သို့ပြန်လာသောသူများအတွက်ရည်ညွှန်းရေးသားထားခြင်းဖြစ်ပြီး၊ ဘုရားသခင်သည်မိမိ၏လူမျိုးတော်သို့ မိမိ၏ကတိတော်ပြည့်စုံမည့်အကြောင်းကို သေချာလိုသူများအတွက်ရေးသားထားခြင်းဖြစ်ပါသည်။ ဖြောင့်မတ်မှန်ကန်ခြင်းနှင့်တရားမျှတခြင်းဆိုင်ရာအကြောင်းများ၊ ဥပုသ်နေ့ကိုစောင့်ထိန်းခြင်းအကြောင်း၊ ယဇ်ပူဇော်ခြင်းဆိုင်ရာအကြောင်းနှင့်ဆုတောင်းပတ္ထနာပြုခြင်းအကြောင်းတို့ကိုလည်းဖော်ပြထားပါသည်။ သတိပြုရန်ကျမ်းပိုဒ်မှာ ၆၁:၁-၂ ဖြစ်ပြီး၊ ထိုစကားသည်သခင်ယေရှု၏အမှုတော်လုပ်ငန်းအစပြုခြင်း၏ခေါ်တော်မူခြင်းအကြောင်းဖြစ်ပါသည်။
အကြောင်းအရာအကျဉ်းချုပ်
သတိပေးခြင်းနှင့်ကတိတော်များ ၁:၁၊ ၁၂:၆
လူမျိုးစုများကိုဒဏ်ခတ်တော်မူခြင်း ၁၃:၁၊ ၂၃:၁၈
ကမ္ဘာမြေကြီးကိုထာဝရဘုရားအပြစ်ဒဏ်ခတ်တော်မူခြင်း ၂၄:၁၊ ၂၇:၁၃
သတိပေးခြင်းနှင့်ကတိတော်များ ၂၈:၁၊ ၃၅:၁၀
ယုဒဘုရင်ဟေဇကိနှင့်အာရှုရိအမျိုးသားများ ၃၆:၁၊ ၃၉:၈
ကတိတော်နှင့်မျှော်လင့်ချက်ဆိုင်ရာသတင်းစကားများ ၄၀:၁၊ ၅၅:၁၃
သတိပေးခြင်းနှင့်ကတိတော်များ ၅၆ :၁၊ ၆၆ :၂၄
1
1 ဤကျမ်းစောင်တွင် ယုဒဘုရင်များဖြစ်သောသြဇိမင်း၊ ယောသံမင်း၊ အာခတ်မင်းနှင့်ဟေဇကိမင်းတို့၏လက်ထက်၌ ယုဒပြည်နှင့်ယေရုရှလင်မြို့အဘယ်သို့ဖြစ်ပျက်မည်ကို အာမုတ်၏သားဟေရှာယအားထာဝရဘုရားပေးတော်မူသောဗျာဒိတ်တော်များပါရှိ၏။✡ ၃ရာ၊ ၁၅:၁-၄၊ ၁၅:၃၂-၁၆:၂၀၊ ၁၈:၁-၂၀:၂၁။ ၆ရာ၊ ၂၆:၁-၃၂:၃၃။
မိမိ၏လူမျိုးတော်အားဘုရားသခင်ပြင်းထန်စွာပြစ်တင်ဆုံးမတော်မူခြင်း
2 ထာဝရဘုရားက``အို ကမ္ဘာမြေကြီးနှင့်မိုးကောင်းကင်တို့ ငါထာဝရဘုရားမိန့်တော်မူသောစကားကိုနားထောင်ကြလော့။ ငါကျွေးမွေးပြုစုထားသည့်သားသမီးများသည်ငါ့အားပုန်ကန်ကြလေပြီ။- 3 ကျွဲနွားများသည်မိမိတို့ပိုင်ရှင်ကိုသိကြ၏။ မြင်းများသည်လည်းမိမိတို့သခင်၏မြင်းစောင်း၊ မိမိတို့သခင်အစာကျွေးရာအရပ်တို့ကိုသိကြ၏။ သို့ရာတွင်ငါ၏လူမျိုးတော်ဣသရေလအမျိုးသားတို့မူကား ထိုမျှပင်မသိကြ။ သူတို့သည်အသိပညာခေါင်းပါးကြပါသည်တကား'' ဟုမိန့်တော်မူပါ၏။
4 ``အချင်းအပြစ်ကူးသည့်လူမျိုး၊ ဖောက်ပြန်တတ်သူဒုစရိုက်သမားတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည်အပြစ်ဝန်ထုပ်ပိလျက်နေကြပါသည်တကား။ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ်သည့်ဘုရားသခင်ကိုပစ်ပယ်လျက် ကိုယ်တော်ကိုကျောခိုင်းကြလေပြီ။- 5 သင်တို့သည်အဘယ်ကြောင့်ဆက်လက်ပုန်ကန်လျက်နေကြပါသနည်း။ ယခုထက်ပင်ပိုမိုကြီးလေးသည့်အပြစ်ဒဏ်ကိုခံလိုကြပါသလော။ အချင်းဣသရေလပြည်သူတို့၊ သင်တို့၏ဦးခေါင်းသည်ဒဏ်ရာများဖြင့်ပြည့်လျက်ရှိ၏။ သင်တို့၏စိတ်နှလုံးသည်လည်းညှိုးနွမ်းလျက်နေ၏။- 6 ခြေဖဝါးမှဦးခေါင်းတိုင်အောင် သင်တို့ကိုယ်တစ်ခုလုံးသည်အနာနှင့်ကင်းသည်ဟူ၍မရှိ။ ပွန်းပဲ့ကွဲရှနာများ၊ ဒဏ်ရာသစ်ဒဏ်ရာဟောင်းများနှင့်ပြည့်လျက်နေပေသည်။ ထိုဒဏ်ရာများကိုဆေးကြောကာ၊ အဝတ်ဖြင့်မပတ်မစည်းရကြသေး။ ဆေးလည်းမထည့်ရကြသေး။
7 သင်တို့၏ပြည်သည်ပျက်ပြုန်းရ၍၊ သင်တို့၏မြို့တို့သည်လည်းပြာပုံဆိုက်ကြလေပြီ။ သင်သည်ကြည့်ရှုလျက်နေစဉ်ပင်တိုင်းတစ်ပါးသားတို့သည် သင်၏နယ်မြေကိုသိမ်း၍အရာခပ်သိမ်းကိုဖျက်ဆီးစေကြပြီ။- 8 အဝိုင်းခံလျက်နေရသည့်ယေရုရှလင်မြို့တစ်မြို့သာလျှင်ကျန်တော့၏။ ထိုမြို့ကားမိမိအတွက်ခုခံကာကွယ်နိုင်စွမ်းမရှိသည့်စပျစ်ဥယျာဉ်အစောင့်တဲကဲ့သို့လည်းကောင်း၊ သခွားတောင်ယာတဲကဲ့သို့လည်းကောင်းဖြစ်၍နေ၏။
9 အကယ်၍အနန္တတန်ခိုးရှင်ထာဝရဘုရားသာလျှင် မြို့သူမြို့သားအချို့တို့အားအသက်မသေဘဲကျန်ရစ်စေတော်မမူပါလျှင်၊ ယေရုရှလင်မြို့သည် သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကဲ့သို့လုံးဝပျက်သုဉ်း၍သွားမည်သာဖြစ်၏။✡ က၊ ၁၉:၂၄။ ရော၊ ၉:၂၉။
10 အို ယေရုရှလင်မြို့၊ သင့်ကိုအုပ်စိုးသောမင်းများနှင့် သင်၏မြို့သူမြို့သားတို့သည်သောဒုံမြို့နှင့်ဂေါမောရမြို့မှလူတို့နှင့်တူကြ၏။ သင့်အားထာဝရဘုရားမိန့်တော်မူသောစကားတော်ကိုနားထောင်လော့။ ငါတို့၏ဘုရားသခင်သွန်သင်တော်မူသောအရာကိုအာရုံပြုလော့။- 11 ကိုယ်တော်က`သင်တို့ဆက်ကာဆက်ကာပူဇော်လျက်ရှိသည့်ယဇ်တို့ကိုငါအလိုရှိတော်မူသည်'' ဟုထင်မှတ်ကြပါသလော။ သင်တို့မီးရှို့ပူဇော်သည့်သိုးများနှင့်ဆူဖြိုးသောတိရစ္ဆာန်တို့၏ဆီဥများကိုငါငြီးငွေ့တော်မူပြီ။ သိုးနွားဆိတ်တို့၏သွေးများကိုလည်းငါမနှစ်သက်တော့ပေ။- 12 သင်တို့ငါ့ထံသို့ဝတ်ပြုကိုးကွယ်ရန်လာရောက်ကြသောအခါ ထိုအရာများကိုယူဆောင်လာရကြမည်ဟုသင်တို့အားအဘယ်သူစေခိုင်းပါသနည်း။ အဘယ်သူသည်သင်တို့အားငါ၏ဗိမာန်တော်တွင် ဤသို့ရှုပ်ယှက်ခတ်သွားလာစေပါသနည်း။- 13 သင်တို့၏အသုံးမကျသောပူဇော်သကာများကို နောက်တစ်ဖန်ငါအလိုမရှိ။ သင်တို့ပူဇော်သည့်နံ့သာပေါင်း၏ရနံ့ကိုငါရွံမုန်း၏။ သင်တို့၏လဆန်းပွဲနေ့များ၊ ဥပုသ်နေ့များနှင့်ဘာသာရေးပွဲနေ့များကိုငါစက်ဆုပ်၏။ သင်တို့၏အပြစ်များကြောင့်ထိုအရာများသည်ဖောက်ပြန်ပျက်စီးနေသည်။- 14 သင်တို့၏လဆန်းပွဲနေ့များနှင့်မြင့်မြတ်သန့်ရှင်းသောနေ့များကိုငါမုန်း၏။ ထိုပွဲသဘင်များသည်ငါမထမ်းလိုတော့သည့်ဝန်ထုပ်ဖြစ်ပေသည်။✡ အာ၊ ၅:၂၁-၂၂။
15 ``သင်တို့လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုကြသောအခါ ငါသည်သင်တို့အားလှည့်၍ကြည့်တော်မူလိမ့်မည်မဟုတ်။ သင်တို့၏လက်များသည်အပြစ်သွေးစွန်းလျက်နေသဖြင့် သင်တို့အဘယ်မျှပင်ပြင်းပြစွာဆုတောင်းပတ္ထနာပြုကြသော်လည်းငါနားထောင်လိမ့်မည်မဟုတ်။- 16 သင်တို့၏စိတ်နှလုံးကိုစင်ကြယ်အောင်ပြုကြလော့။ ငါ့ရှေ့တော်တွင်သင်တို့ပြုလျက်ရှိသည့်ဒုစရိုက်တို့ကိုရပ်စဲကြလော့။ ဒုစရိုက်ပြုမှုကိုရပ်စဲကာ၊- 17 သုစရိုက်ကိုပြုကြလော့။ ဖိနှိပ်ချုပ်ချယ်ခြင်းခံရသူတို့ကိုကူမ၍မိဘမဲ့သူများနှင့်မုဆိုးမတို့၏ အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးမှုရှိအောင်ပြုကြလော့'' ဟုမိန့်တော်မူပါ၏။
18 ထာဝရဘုရားက``သင်တို့၏အမှုကို ယခုစဉ်းစားဆုံးဖြတ်ကြပါစို့။ သင်တို့သည်အပြစ်သွေးစွန်းလျက်ရှိကြ၏။ သို့ရာတွင်ငါသည်သင်တို့အားမိုးပွင့်ကဲ့သို့ဖြူစင်အောင် ဆေးကြောတော်မူမည်။ သင်တို့သည်အပြစ်သွေးဖြင့်နီမြန်းလျက်နေသော်လည်း ဝါဂွမ်းကဲ့သို့ဖြူဖွေး၍လာလိမ့်မည်။- 19 အကယ်၍သင်တို့သည်ငါ၏စကားကိုနားထောင်မည်ဆိုပါက မြေထွက်သီးနှံကောင်းများကိုစားသုံးရကြလိမ့်မည်။- 20 သို့ရာတွင်ငါ၏စကားကိုနားထောင်ရန်ငြင်းဆန်၍ ငါ့အားအာခံကြမည်ဆိုလျှင်မူကား သင်တို့သည်သေကြေပျက်စီးရကြလိမ့်မည်။ ဤကားငါထာဝရဘုရားမိန့်တော်မူသောစကားဖြစ်၏။
အပြစ်ကူးသောမြို့
21 အခါတစ်ပါးကသစ္စာရှိခဲ့သောမြို့သည် ယခုအခါပြည့်တန်ဆာအသွင်ကိုဆောင်လျက်နေပါသည်တကား၊ အခါတစ်ပါးကထိုမြို့တွင်သူတော်ကောင်းများနေထိုင်ခဲ့သော်လည်း ယခုအခါ၌သူသတ်သမားများသာလျှင်ကျန်ရှိနေတော့၏။- 22 အို ယေရုရှလင်မြို့၊ သင်သည်အခါတစ်ပါးကငွေနှင့်တူခဲ့၏။ ယခုမူကားတန်ဖိုးမဲ့ဖြစ်၍နေလေပြီ။ ယခင်အခါကသင်သည်စပျစ်ရည်ကောင်းနှင့်တူခဲ့၏။ ယခုမှာမူရေပကတိဖြစ်၍နေတော့၏။- 23 သင်၏ခေါင်းဆောင်တို့သည်လည်းသူပုန်များ၊ သူခိုးလက်ခံများဖြစ်ကြ၏။ သူတို့သည်အစဉ်ပင်တံစိုးလက်ဆောင်များကိုလက်ခံလျက်နေကြသော်လည်း တရားရုံးတော်တွင်မိဘမဲ့သူတို့အားကာကွယ်စောင့်ရှောက်မှုကိုမပြုကြ။ မုဆိုးမတို့၏အမှုအခင်းများကိုလည်းကြားနာစစ်ဆေး၍မပေးကြ။
24 သို့ဖြစ်၍တန်ခိုးတော်နှင့်ပြည့်စုံတော်မူသော ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူသည့်စကားကိုယခုနားထောင်လော့။ ကိုယ်တော်က``ငါသည်မိမိ၏ရန်သူတည်းဟူသောသင်တို့အားလက်စားချေတော်မူမည်ဖြစ်၍ သင်တို့သည်ငါ့ကိုအဘယ်သို့မျှဒုက္ခပေးနိုင်ကြတော့မည်မဟုတ်။- 25 ငါသည်သင့်အားအရေးယူအပြစ်ပေးမည်။ သတ္တု၏ချေးညှော်များကိုချွတ်သည့်နည်းတူ သင်၏အညစ်အကြေးများကိုလည်းချွတ်၍ သင့်အားသန့်စင်အောင်ငါပြုမည်။- 26 ရှေးအခါကဲ့သို့သင့်အားခေါင်းဆောင်များနှင့် အတိုင်ပင်ခံအမတ်များကိုငါပေးမည်။ ထိုအခါယေရုရှလင်မြို့ကိုသူတော်ကောင်းတရားပြည့်ဝသည့်မြို့၊ သစ္စာရှိသည့်မြို့ဟုခေါ်ဝေါ်သမုတ်ကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။
27 ထာဝရဘုရားသည်ဖြောင့်မှန်တော်မူသည်ဖြစ်၍ ယေရုရှလင်မြို့နှင့်နောင်တရသူမှန်သမျှကိုကယ်တင်တော်မူလိမ့်မည်။- 28 သို့ရာတွင်ကိုယ်တော်သည်အပြစ်ကူးလွန်သူနှင့် မိမိကိုပုန်ကန်သူအပေါင်းတို့အားချေမှုန်းပစ်တော်မူလိမ့်မည်။ မိမိအားစွန့်ပစ်သူမှန်သမျှကိုသုတ်သင်ပယ်ရှင်းတော်မူလိမ့်မည်။
29 သင်သည်သစ်ပင်များကိုဝတ်ပြုရှိခိုးမိခဲ့သည့်အတွက် ဝတ်ပြုကိုးကွယ်ရာဥယျာဉ်များကိုစိုက်ပျိုးမိခဲ့သည့်အတွက်ဝမ်းနည်းရလိမ့်မည်။- 30 သင်သည်သေအံ့ဆဲဆဲရှိသောဝက်သစ်ချပင်နှင့် ရေမလောင်းသည့်ဥယျာဉ်ကဲ့သို့ညှိုးနွမ်းခြောက်သွေ့၍သွားလိမ့်မည်။- 31 သစ်ခြောက်သည်မီးပွားကြောင့်မီးစွဲလောင်ရသည်နည်းတူတန်ခိုးကြီးမားသူတို့သည်လည်း မိမိတို့၏ဒုစရိုက်များကြောင့်ဆုံးပါးပျက်စီးရကြလိမ့်မည်။ ယင်းသို့ဆုံးပါးပျက်စီးမှုကိုလည်းအဘယ်သူမျှဆီးတား၍ရလိမ့်မည်မဟုတ်'' ဟုမြွက်ဆိုလေသည်။