13
ဗိမာန်တော်ပြိုပျက်မည့်အကြောင်းမိန့်တော်မူခြင်း
(မ၊ ၂၄:၁-၂။ လု၊ ၂၁:၅-၆)
1 ဗိမာန်တော်မှကိုယ်တော်ထွက်ကြွတော်မူစဉ် တပည့် တော်တစ်ဦးက ``အရှင်ဘုရား၊ ကြည့်တော်မူပါ။ ဤ ကျောက်တုံးများသည်ကြီးမားလှ၍ ဤအဆောက် အအုံများသည်လည်းကြီးကျယ်လှပါသည် တကား'' ဟုလျှောက်ထား၏။
2 သခင်ယေရှုက ``ဤအဆောက်အအုံကြီးများ ကို ယခုသင်မြင်သည်မဟုတ်လော။ ယင်းအဆောက် အအုံများမှကျောက်တုံးအားလုံးပင်ပြိုကျ ရလိမ့်မည်။ ကျောက်တစ်တုံးမျှမူလနေရာတွင် ကျန်ရစ်လိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
ဆင်းရဲဒုက္ခများနှင့်ညှဉ်းပန်းနှိပ်စက်ခြင်းများ
(မ၊ ၂၄:၃-၁၄။ လု၊ ၂၁:၇-၁၉)
3 ကိုယ်တော်သည်သံလွင်တောင်ပေါ်တွင်ဗိမာန်တော် ဖက်သို့မျက်နှာမူလျက် တစ်ကိုယ်တည်းထိုင်နေ တော်မူသောအခါ၊- 4 ပေတရု၊ ယာကုပ်၊ ယောဟန်နှင့်အန္ဒြေ-တို့သည် ချဉ်းကပ်၍ ``အရှင်မိန့်တော်မူသောအရာများ သည်အဘယ်ကာလ၌ဖြစ်ပျက်ပါမည်နည်း။ ဤအမှုအရာများဖြစ်ပျက်ချိန်၌အဘယ် နိမိတ်များပေါ်ထွန်းပါမည်နည်း။ အကျွန်ုပ် တို့အားမိန့်တော်မူပါ'' ဟုမေးလျှောက်ကြ၏။
5 သခင်ယေရှုက ``သင်တို့အားသူတစ်ပါး မလှည့်စားစေရန်သတိပြုကြလော့။- 6 လူအများပင်ငါ၏အယောင်ဆောင်လျက်လာ ကြလိမ့်မည်။ သူတို့သည်မေရှိယဖြစ်သည်ဟု ဆို၍လူအများကိုလှည့်ဖြားကြလိမ့်မည်။- 7 သင်တို့သည်ရပ်နီးရပ်ဝေးမှစစ်မက်သတင်း များကိုကြားသောအခါ မထိတ်မလန့်ကြ နှင့်။ ဤအမှုအရာများသည်မုချဖြစ်ပျက် ရမည်။ သို့သော်လည်းကပ်ကမ္ဘာကုန်ဆုံးချိန် ကားမကျသေး။- 8 လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံစစ်ဖြစ်လိမ့်မည်။ နေရာအနှံ့အပြား တွင်မြေငလျင်လှုပ်၍အစာငတ်မွတ်ခေါင်းပါး လိမ့်မည်။ ဤအမှုအရာများသည်ဆိုက်ရောက် လတ္တံ့သောဆင်းရဲဒုက္ခများ၏ရှေ့ပြေးဖြစ်၏။''
9 ``သင်တို့သည်သတိနှင့်နေကြလော့။ လူအချို့တို့ သည် သင်တို့ကိုတရားရုံးသို့ပို့အပ်ကြလိမ့်မည်။ တရားဇရပ်များတွင်ရိုက်နှက်ကြလိမ့်မည်။ သင် တို့သည်ငါ့အတွက်ကြောင့် အာဏာပိုင်များနှင့် ရှင်ဘုရင်များ၏ရှေ့မှောက်သို့ရောက်၍ သတင်း ကောင်းကိုကြေညာရကြလိမ့်မည်။-✡ မ၊ ၁၀:၁၇-၂၀။ လု၊ ၁၂:၁၁-၁၂။ 10 ကပ်ကမ္ဘာကုန်ဆုံးချိန်မရောက်မီသင်တို့သည် သတင်းကောင်းကိုလူအပေါင်းတို့အားဟော ပြောကြေညာရကြမည်။- 11 သင်တို့အားဖမ်းဆီး၍တရားရုံးခုံရုံးသို့ ပို့အပ်ကြသောအခါ မည်သို့ပြောဆိုရမည် ကိုကြိုတင်၍မစိုးရိမ်ကြနှင့်။ ထိုခဏ၌ မိမိတို့စိတ်တွင်ပေါ်လာသည့်စကားများကို သာလျှင် သင်တို့ပြောကြလော့။ ယင်းစကားများ သည်သင်တို့စကားများမဟုတ်ဘဲ သန့်ရှင်း သောဝိညာဉ်တော်၏စကားများဖြစ်လိမ့်မည်။- 12 လူတို့သည်ညီအစ်ကိုချင်းအားသေစေရန်အပ် ကြလိမ့်မည်။ အဖသည်လည်းသားအားသေစေ ရန်အပ်လိမ့်မည်။ သားသမီးတို့သည်မိဘများ ကိုတော်လှန်၍သတ်ဖြတ်စေကြလိမ့်မည်။- 13 ငါ၏အတွက်ကြောင့်လူတိုင်းပင်သင်တို့ကိုမုန်း လိမ့်မည်။ သို့ရာတွင်အဆုံးတိုင်အောင်တည်ကြည် သောသူသည်ကယ်တင်ခြင်းကိုခံရလတ္တံ့။''✡ မ၊ ၁၀:၂၂။
ထိတ်လန့်စက်ဆုပ်ဘွယ်ကောင်းသည့်အရာ
(မ၊ ၂၄:၁၅-၂၈။ လု၊ ၂၁:၂၀-၂၄)
14 ``ထိတ်လန့်စက်ဆုပ်ဘွယ်ကောင်းသည့်အရာသည် မရှိအပ်သည့်အရပ်တွင်ရှိနေသည်ကို သင်တို့ မြင်ရကြလိမ့်မည်'' (စာဖတ်သူသည်ဤအချက် ကိုနားလည်ပါစေ) ``ထိုသို့မြင်ရကြသော အခါယုဒပြည်ရှိလူတို့သည်တောင်များ ပေါ်သို့ပြေးကြစေ။-✡ ဒံ၊ ၉:၂၇၊ ၁၁:၃၁၊ ၁၂:၁၁။ 15 အိမ်မိုးပေါ်တွင်ရှိသူသည်အောက်သို့ဆင်း၍ အိမ်ထဲသို့ဝင်ပြီးလျှင်မည်သည့်အရာကို မျှမယူစေနှင့်။-✡ လု၊ ၁:၃၁။ 16 လယ်ထဲတွင်ရှိသူသည်လည်းဝတ်လုံကိုယူရန် အိမ်သို့မပြန်စေနှင့်။- 17 ထိုနေ့ရက်ကာလ၌ကိုယ်ဝန်ဆောင်မိန်းမနှင့် သားသည်မိခင်တို့အတွက်အကျိုးနည်းပေ တော့မည်။- 18 ထိုနေ့ရက်များသည်ဆောင်းဥတု၌မကျ ရောက်ပါစေနှင့်ဟုဆုတောင်းကြလော့။- 19 လောကကိုဘုရားသခင်ဖန်ဆင်းတော်မူချိန် မှစ၍ အဘယ်ကာလ၌မျှဤဆင်းရဲဒုက္ခမျိုးကို လူတို့မကြုံစဖူး။ နောင်ကာလ၌လည်းတွေ့ကြုံ ရကြလိမ့်မည်မဟုတ်။-✡ ဒံ၊ ၁၂:၁။ ဗျာ၊ ၇:၁၄။ 20 ထာဝရဘုရားသည်ထိုနေ့ရက်ကာလကိုတိုစေ တော်မမူလျှင် အဘယ်သူမျှအသက်ဘေးမှ ကင်းလွတ်နိုင်လိမ့်မည်မဟုတ်။ သို့ရာတွင်ကိုယ်တော် သည်မိမိရွေးချယ်ထားတော်မူသောသူများ အဖို့အလို့ငှာထိုနေ့ရက်ကာလကိုတိုစေ တော်မူပြီ။
21 ``ထိုကာလ၌လူတစ်စုံတစ်ယောက်က `ကြည့်လော့၊ ဤအရပ်တွင်မေရှိယရှိသည်' ဟူ၍လည်းကောင်း၊ `ထိုအရပ်တွင်၊ မေရှိယရှိသည်' ဟူ၍လည်းကောင်း ဆိုသော်မယုံကြည်နှင့်။- 22 မေရှိယအတုအယောင်များနှင့်ပရောဖက် အတုအယောင်များပေါ်လာလိမ့်မည်။ သူတို့ သည်ဖြစ်နိုင်ပါကဘုရားသခင်ရွေးချယ် ထားသူများကိုပင်လှည့်စားနိုင်ရန် အံ့သြဖွယ် အမှုအရာများနှင့်နိမိတ်လက္ခဏာများကို ပြကြလိမ့်မည်။- 23 သင်တို့သည်သတိနှင့်နေကြလော့။ ဤအမှု အရာအလုံးစုံတို့မဖြစ်ပေါ်မီသင်တို့ အားငါကြိုတင်ဖော်ပြပြီ။''
လူသားကြွလာတော်မူမည့်အကြောင်း
(မ၊ ၂၄:၂၉-၃၁။ လု၊ ၂၁:၂၅-၂၈)
24 ``ဆင်းရဲဒုက္ခများကျရောက်ပြီးသောကာလ၌ နေသည်မှောင်မိုက်၍သွားလိမ့်မည်။ လသည် အလင်းရောင်ကိုပေးလိမ့်မည်မဟုတ်။-✡ ဟေရှာ၊ ၁၃:၁၀။ ယေဇ၊ ၃၂:၇။ ယောလ၊ ၂:၁၀၊ ၃၁၊ ၃:၁၅။ ဗျာ၊ ၆:၁၂။ 25 ကြယ်များသည်ကောင်းကင်မှကြွေလိမ့်မည်။ ကောင်းကင်နက္ခတ်များသည်လမ်းကြောင်းပြောင်း ကြလိမ့်မည်။-✡ ဟေရှာ၊ ၃၄:၄။ ယောလ၊ ၂:၁၀။ ဗျာ၊ ၆:၁၃။ 26 ထိုအခါမိုးတိမ်များထဲမှကြီးစွာသော တန်ခိုးတော်၊ ဘုန်းအသရေတော်တို့နှင့်လူ သားကြွလာသည်ကိုမြင်ရကြလိမ့်မည်။-✡ ဒံ၊ ၇:၁၃။ ဗျာ၊ ၁:၇။ 27 ထိုနောက်လူသားသည်ကောင်းကင်တမန်များ ကို မြေကြီးစွန်းမှကောင်းကင်စွန်းတိုင်အောင် အရပ်လေးမျက်နှာသို့စေလွှတ်၍ မိမိရွေး ချယ်ထားသူတို့ကိုစုသိမ်းတော်မူလိမ့်မည်။''
သင်္ဘောသဖန်းပင်မှသင်ခန်းစာ
(မ၊ ၂၄:၃၂-၃၅။ လု၊ ၂၁:၂၉-၃၃)
28 ``သင်္ဘောသဖန်းပင်မှသင်ခန်းစာတစ်ရပ်ကို သင်ယူကြလော့။ ထိုအပင်တွင်အခက်အလက် နုထွက်၍ အရွက်နုထွက်သောအခါနွေကာလ နီးသည်ကိုသင်တို့သိကြ၏။- 29 ထိုနည်းတူစွာဖော်ပြခဲ့သောအမှုအရာများ ဖြစ်ပျက်လျက်ရှိသည်ကိုတွေ့မြင်ရသောအခါ လူသားသည်သင်တို့အနီး၊ တံခါးဝသို့ပင် ရောက်ရှိနေပြီဟုသိမှတ်ကြလော့။- 30 အမှန်အကန်ငါဆိုသည်ကားဤအမှုအရာ အလုံးစုံတို့မဖြစ်မပျက်မီ ယခုခေတ်လူတို့ သေလွန်ရကြလိမ့်မည်မဟုတ်။- 31 ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ ၏စကားတည်လိမ့်မည်။''
ထိုနေ့ထိုအချိန်ကိုမည်သူမျှမသိ
(မ၊ ၂၄:၃၆-၄၄)
32 ``သို့သော်လည်းထိုအမှုအရာများဖြစ်ပျက်မည့် နေ့ရက်နာရီကို ခမည်းတော်မှတစ်ပါးအဘယ် သူမျှမသိ။ ကောင်းကင်ဘုံရှိကောင်းကင်တမန် များလည်းမသိ။-✡ မ၊ ၂၄:၃၆။ 33 ထိုနေ့ရက်ကာလသည်အဘယ်အခါကျရောက် မည်ကို သင်တို့မသိကြသဖြင့်သတိနှင့်စောင့် နေကြလော့။ နိုးနိုးကြားကြားရှိကြလော့။- 34 ဥပမာဆိုသော်နိုင်ငံရပ်ခြားသို့သွားသူလူ တစ်ယောက်သည် မိမိ၏အိမ်ကိုငယ်သားများ လက်တွင်အပ်ထားခဲ့၏။ သူတို့အားကိုယ်စီ ကိုယ်ငှလုပ်ဆောင်ရန်တာဝန်ဝတ္တရားများ ကိုပေးအပ်ခဲ့၏။ တံခါးမှူးအားသတိနှင့် စောင့်နေရန်မှာထားခဲ့၏။-✡ လု၊ ၁၂:၃၆-၃၈။ 35 သင်တို့သည်အိမ်ရှင်အဘယ်အခါကြွလာမည် ကိုမသိ။ ညဥ့်ဦးယံ၌ကြွကောင်းကြွလာပေမည်။ သို့မဟုတ်သန်းခေါင်ယံအချိန်၌သော်လည်းကောင်း ကြက်ဦးတွန်ချိန်၌သော်လည်းကောင်း၊ မိုးသောက် ယံ၌သော်လည်းကောင်းကြွလာနိုင်ပေသည်။- 36 သို့ဖြစ်၍အိမ်ရှင်ရုတ်တရက်ကြွလာသောအခါ သင်တို့အိပ်ပျော်နေသည်ကိုမတွေ့စေရန်သတိ နှင့်စောင့်နေကြလော့။- 37 ဤသို့သင်တို့အားသတိပေးသည်အတိုင်း ခပ် သိမ်းသောသူတို့အားလည်းငါသတိပေး၏။ သတိနှင့်စောင့်နေကြလော့'' ဟုမိန့်တော်မူ၏။