ဗာဗုလုန်မြို့အားစီရင်ချက်ချမှတ်တော်မူခြင်း
၄၇
၁ ``အို ဗာဗုလုန်မြို့တည်းဟူသောအမျိုးသမီး၊
သင်သည်ရာဇပလ္လင်ပေါ်မှဆင်း၍ မြေကြီးပေါ်တွင်ထိုင်လော့။
အခါတစ်ပါးကသင်သည်အနှောင့်အယှက် မခံရဘူးသည့်အပျိုစင်ဖြစ်ခဲ့၏။
သို့ရာတွင်ယခုသင်သည်ပျော့ပျောင်းသိမ်မွေ့သူ မဟုတ်တော့ပေ။
သင်သည်ယခုကျွန်ဘဝရောက်ခဲ့ပေပြီ။
၂ သင်သည်ကျိတ်ဆုံကျောက်ကိုလှည့်၍ ဂျုံမှုန့်ကိုကျိတ်ပါလော့။
သင်၏မျက်နှာဖုံးပဝါကိုဖယ်ရှား၍လှပသော အဝတ်တို့ကိုချွတ်လော့။
ချောင်းကိုဖြတ်ကျော်ရန်သင်၏အင်္ကျီရှည်ကိုမလော့။
၃ သင်သည်ရှုတ်ချခြင်းကိုခံရကာအရှက်ကွဲ လျက်
အဝတ်အချည်းစည်းဖြစ်၍နေသည်ကို လူတို့တွေ့မြင်ကြလိမ့်မည်။
ငါသည်သင့်အားလက်စားချေမည်။
ငါ့ကိုအဘယ်သူမျှဆီးတားရလိမ့်မည် မဟုတ်'' ဟုထာဝရဘုရားမိန့်တော်မူ၏။
၄ ဣသရေလအမျိုးသားတို့၏
သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင် သည် ငါတို့ကိုရွေးနုတ်ကယ်တင်တော်မူပြီ။
ကိုယ်တော်၏နာမတော်သည်အနန္တတန်ခိုး ရှင် ထာဝရဘုရားဖြစ်ပါသည်တကား။
၅ ဗာဗုလုန်မြို့အားထာဝရဘုရားကဆိတ်ငြိမ်ရာ မှောင်မိုက်ထဲတွင်ထိုင်၍နေလော့။
လူတို့သည်သင့်အားလူမျိုးတကာတို့၏ ဘုရင်မဟု ခေါ်ကြတော့မည်မဟုတ်။
၆ ငါသည်မိမိ၏လူမျိုးတော်အားအမျက်ထွက် သဖြင့်၊ ငါ၏လူမျိုးတော်မဟုတ်ဘိသကဲ့သို့ပြုခဲ့၏။
သင်၏အာဏာစက်အောက်တွင်ထားရှိခဲ့၏။
သို့ရာတွင်သင်သည်သူတို့အပေါ်၌ သနားကြင်နာစိတ်မထား။
အသက်ကြီးသူများကိုပင်ကြမ်းကြုတ်စွာ ပြုကျင့်၏။
၇ မိမိသည်အစဉ်အမြဲဘုရင်မဖြစ်၍နေ လိမ့်မည်ဟု ထင်မှတ်ကာ၊ဤအမှုတို့ကိုနှလုံးမသွင်း။
ယင်းတို့အဘယ်သို့နိဂုံးချုပ်မည်ကိုလည်း မစဉ်းစား။
၈ ``အချင်းအပျော်အပါးကိုချစ်မြတ်နိုးသူ၊
မိမိတွင်လုံခြုံမှုရှိလှပြီဟုထင်မှတ်သူ၊ ဤစကားကိုနားထောင်လော့။
ငါသည်ဘုရားတမျှကြီးမြတ်သည်ဟူ၍ လည်းကောင်း၊ ငါလိုလူဇမ္ဗူတွင်မရှိဟူ၍လည်းကောင်းသင်ဆို၏။
သင်သည်အဘယ်အခါ၌မျှမုဆိုးမ ဖြစ်ရလိမ့်မည်မဟုတ်။
အဘယ်အခါ၌မျှသားသမီးများကိုလည်း ဆုံးရှုံးရလိမ့်မည်မဟုတ်ဟုသင်ထင်မှတ်၏။
၉ သို့ရာတွင်၊သင်သည်တစ်နေ့အတွင်းတခဏ ခြင်း၌ ဤအမှုနှစ်ရပ်စလုံးနှင့်ကြုံတွေ့ရလိမ့်မည်။
မှော်အတတ်မှန်မျှကိုအသုံးပြုပါသော်လည်း
သင်သည်သားသမီးများကိုဆုံးရှုံးရလျက်၊ မုဆိုးမဘဝသို့ရောက်လိမ့်မည်။
၁၀ ``သင်သည်မကောင်းမှုကိုပြုလျက်၊မိမိကိုယ်ကို ဟုတ်လှပြီ။
မိမိကိုအဘယ်သူမျှမမြင်ဟုထင်မှတ်ဘိ၏။
သင်၏ဉာဏ်ပညာနှင့်အသိပညာတို့ကသင့်အား လမ်းလွဲစေလေပြီ။
သင်သည်မိမိကိုယ်ကို`ငါသည်ဘုရားဖြစ်၏ ငါ့လိုလူဇမ္ဗူတွင်မရှိ' ဟုဆိုပါသည်တကား။
၁၁ ဘေးအန္တရာယ်ဆိုးသည်သင်၏အပေါ်သို့ သက်ရောက်လာလိမ့်မည်။
ယင်းကိုသင်၏မှော်အတတ်ကတားဆီးနိုင် လိမ့်မည်မဟုတ်။
သင်သည်အဘယ်အခါကမျှအိပ်မက်၌ပင်
မမြင်မက်ဘူးသောဆုံးပါးပျက်စီးမှုနှင့် ကြုံတွေ့ရလိမ့်မည်။
၁၂ သင်၏ဂါထာမန္တန်များနှင့်အဆောင်လက်ဖွဲ့ များကို ဆောင်ထားလော့။
ထိုအရာများကိုသင်သည်ငယ်စဉ်အခါ ကပင်လျှင် အသုံးပြု၍လာခဲ့၏။
ယင်းတို့သည်သင့်အားအကူအညီ ပေးကောင်းပေးပါလိမ့်မည်။
သင်၏ရန်သူများကိုလည်းနှင်ထုတ်ကောင်း နှင်ထုတ်နိုင်ပါလိမ့်မည်။
၁၃ သင့်မှာအကြံပေးအရာရှိအမြောက်အမြား
ရှိပါသော်လည်း၊သင်သည်အဘယ်သို့မျှ မတတ်နိုင်။
ကြယ်တာရာတို့ကိုကြည့်ရှုလေ့လာသူများ မိုးကောင်းကင်တွင်ဇုံနယ်များဆွဲကာ၊
တစ်လပြီးတစ်လဖြစ်ပျက်မည့်အမှုအရာ များကို သင့်အားကြိုတင်ဖော်ပြကြသူ၊
သင်၏အကြံပေးအရာရှိများသည်လာ၍ သင့်ကိုကယ်ကြပါလေစေ။
၁၄ ``သူတို့သည်ဖွဲကဲ့သို့ဖြစ်၍မီးသည်သူတို့အား ကျွမ်းလောင်စေလိမ့်မည်။
သူတို့သည်မိမိတို့ကိုယ်ကိုပင်ကယ်နိုင် ကြလိမ့်မည်မဟုတ်။
မီးလျှံများသည်ပူနွေးရန်လှုံသည့်မီးမျိုး မဟုတ်ဘဲ၊ သူတို့အတွက်အပူလွန်၍နေလိမ့်မည်။
၁၅ သင်တစ်သက်လုံးတိုင်ပင်ခဲ့သည့်နက္ခတ်ဆရာ တို့၏ အကြံပေးချက်သည်လည်း၊
ဤအတိုင်းပင်သင့်အားဖြစ်စေလိမ့်မည်။
ထိုသူအပေါင်းတို့သည်သင့်ကိုထားခဲ့၍ မိမိတို့သွားလိုရာသို့ထွက်သွားကြလိမ့်မည်။
သင့်ကိုကယ်ရန်မည်သူတစ်ယောက်မျှကျန်ရစ်ခဲ့ လိမ့်မည်မဟုတ်။''