ဘုရားသခင်သည်အနာဂတ်ကို အစိုးရတော်မူသောအရှင်ဖြစ်ခြင်း
၄၈
၁ အချင်းယုဒမှဆင်းသက်လာသူ၊
ဣသရေလအမျိုးသားတို့၊
ဤစကားကိုနားထောင်ကြလော့။
သင်တို့သည်ထာဝရဘုရား၏နာမတော်ကို တိုင်တည်ကျိန်ဆိုကာ၊
ဣသရေလအမျိုးသားတို့၏ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပါသည်ဟုဆိုသော်လည်း
သင်တို့၏စကားများသည်တစ်ခွန်းမျှမမှန်။
၂ သို့ပါလျက်သင်တို့သည်မိမိတို့ကိုယ်ကိုသန့်ရှင်း မြင့်မြတ်သည့်မြို့တော်သားများဟူ၍လည်းကောင်း၊
အနန္တတန်ခိုးရှင်ထာဝရဘုရားဟုနာမည် တွင်သော
ဣသရေလအမျိုးသားတို့၏ဘုရားသခင်ကို မှီခိုအားကိုးသူများဟူ၍လည်းကောင်း ဂုဏ်ယူပြောဆိုကြပေသည်။
၃ ဣသရေလအမျိုးသားတို့အားထာဝရ ဘုရားက၊
``ရှေးအခါက၊ငါသည်ဖြစ်ပျက်မည့်အမှု အရာကို ကြိုတင်ဟောကြားခဲ့၏။
ထိုနောက်ထိုအရာကိုရုတ်တရက်ဖြစ်ပေါ် လာစေ၏။
၄ သင်တို့သည်သံကဲ့သို့တင်းမာလျက်၊
ကြေးဝါကဲ့သို့မာကြောလျက်၊ခေါင်းမာ နေကြလိမ့်မည်ကိုငါသိ၏။
၅ ငါသည်အမှုအရာများမဖြစ်ပျက်မီက ပင်လျှင်
ကြိုတင်၍၊သင်တို့၏အနာဂတ်ကို ဟောကြားခဲ့ပေသည်။
ယင်းသို့ပြုရခြင်းမှာဤအမှုအရာများကို
သင်တို့လုပ်သည့်ရုပ်တုများကဖြစ်ပေါ်စေသည်ဟု သင်တို့မပြောမဆိုနိုင်ကြစေရန်ပင်ဖြစ်၏။
၆ ``ငါသည်ကြိုတင်ဟောကြားခဲ့သမျှသော အမှုတို့သည်ယခုဖြစ်ပျက်ကြလေပြီ။
ငါ၏ဟောကြားချက်များမှန်လျက်နေသည်ကို သင်တို့ဝန်ခံကြရပေမည်။
ယခုငါသည်နောင်အခါ၌ဖြစ်ပျက်မည့် အမှုအရာသစ်များ၊
ယခင်အခါကမဖော်ပြခဲ့ဘူးသည့် အမှုအရာများကိုသင်တို့အားဖော်ပြပါအံ့။
၇ ယခုမှသာလျှင်ငါသည်ထိုအမှုတို့ကို ဖြစ်ပျက်စေမည်။
ယင်းသို့သောအမှုများသည်ယခင်က မဖြစ်မပျက်ခဲ့ဘူးကြ။
အကယ်၍ဖြစ်ပျက်ခဲ့သည်ဆိုပါမူ၊
ထိုအရာတို့၏အကြောင်းကိုငါတို့သိရှိပြီး ဟု သင်တို့ဆိုကြလိမ့်မည်။
၈ သင်တို့အားယုံကြည်စိတ်ချ၍ မရကြောင်းကိုလည်းကောင်း၊
သင်တို့သည်မွေးဖွားလာချိန်မှပင်အစပြု၍
သူပုန်များဟုအခေါ်ခံရကြသည်ကိုလည်း ကောင်း ငါသိ၏။
ထို့ကြောင့်ဤအမှုအရာများအကြောင်းကို
သင်တို့သည်အဘယ်အခါကမျှမကြားခဲ့ နားမလည်ခဲ့။
ယခင်ကတည်းကသင်တို့သည်လည်းနားမပွင့်။
၉ ``ငါ၏နာမတော်ကိုလူတို့ထောမနာပြုကြစေရန်၊ ငါသည်မိမိ၏အမျက်ကိုထိန်းချုပ်၍ထားမည်။
မိမိဒေါသကိုချုပ်တည်း၍သင်တို့အား ဖျက်ဆီးသုတ်သင်မှုကိုမပြုဘဲနေမည်။
၁၀ ငွေကိုမီးဖိုတွင်ထည့်၍ချွတ်သကဲ့သို့
ငါသည်သင်တို့အားဆင်းရဲဒုက္ခမီးဖြင့် စုံစမ်းစစ်ဆေးပြီးဖြစ်၏။
၁၁ ငါသည်အဘယ်အမှုကိုမဆိုမိမိ၏ ဂုဏ်သိက္ခာကိုထောက်၍ပြုတတ်၏။
ငါ၏နာမတော်အသရေပျက်စေရန်ပြု လိမ့်မည်မဟုတ်။
ငါတစ်ပါးတည်းသာလျှင်ခံယူထိုက်သည့် ဘုန်းအသရေကိုလည်း၊
အခြားအဘယ်သူအားမျှခံယူစေလိမ့် မည်မဟုတ်။
ထာဝရဘုရားရွေးချယ်တော်မူသည့်ခေါင်းဆောင် ကုရုဘုရင်
၁၂ ထာဝရဘုရားက
``အို ငါခေါ်ယူတော်မူသည့်လူမျိုးတော်၊ ဣသရေလအမျိုးသားတို့၊
ငါပြောသည်ကိုနားထောင်ကြလော့။ ငါသည်ဘုရားသခင်ဖြစ်၏။
ကပ်ကာလအစမှအဆုံးတိုင်တည်နေတော်မူသော အရှင်၊ဖြစ်တော်မူ၏။
၁၃ ငါ၏လက်တော်သည်ကမ္ဘာမြေကြီး အုတ်မြစ်များကိုချ၍၊
မိုးကောင်းကင်ကိုဖြန့်ကြက်ခဲ့၏။
ငါသည်ကမ္ဘာမြေကြီးနှင့်မိုးကောင်းကင်ကို
ဆင့်ခေါ်သောအခါ၊သူတို့သည်ချက်ချင်း ပေါ်ပေါက်လာကြပါသည်တကား။
၁၄ သင်တို့အပေါင်းသည်စုဝေး၍ငါပြောသည် ကို နားထောင်ကြလော့။
ငါရွေးချယ်ထားသူသည်ဗာဗုလုန်ပြည်ကို တိုက်ခိုက်လိမ့်မည်ဟူ၍လည်းကောင်း၊
ငါ၏အလိုတော်ကျဆောင်ရွက်ပေးလိမ့်မည် ဟူ၍လည်းကောင်း၊
အဘယ်ရုပ်တုကမျှကြိုတင်၍မဟောကြား နိုင်ခဲ့။
၁၅ သူ့အားအမိန့်ပေး၍ခေါ်ယူသူမှာငါပင် ဖြစ်ပေသည်။
ငါသည်သူ့အားလမ်းပြပို့ဆောင်၍ အောင်မြင်မှုကိုပေးခဲ့၏။
၁၆ ``ယခုငါ၏အနီးသို့ချဉ်းကပ်၍ငါပြောဆို သည်ကို နားထောင်ကြလော့။
အစအဦးကပင်လျှင်ငါသည်သင်တို့အား ပွင့်လင်းစွာဖော်ပြခဲ့၏။
ထိုအဖြစ်အပျက်စ၍ဖြစ်စဉ်ကပင် ငါရှိခဲ့၏ ဟုမိန့်တော်မူ၏။
(ယခုထာဝရအရှင်ဘုရားသခင်သည်ငါ့ အားတန်ခိုးတော်ကိုပေး၍စေလွှတ်တော်မူ ပြီ။)
မိမိ၏လူမျိုးတော်အတွက်ထာဝရဘုရား၏ အကြံအစည်တော်
၁၇ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့် မြတ်သည့် ဘုရားသခင်၊
သင်တို့အားကယ်တင်တော်မူသောထာဝရဘုရားက ``ငါသည်သင်တို့အကျိုးငှာသွန်သင်တော်မူ၍၊
သင်တို့သွားရမည့်ခရီးလမ်းကို ပြညွှန်တော်မူလိုသည့်
သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ် တော်မူ၏။
၁၈ ``အကယ်၍သင်တို့သာလျှင်ငါ၏အမိန့် တော်များကို နားထောင်ကြမည်ဆိုပါမူ
အဘယ်မျှကောင်းလိမ့်မည်နည်း။
ငြိမ်သက်ခြင်းချောင်းရေကဲ့သို့၊သင်တို့အတွက် စီးဆင်းလာမည်သာ။
အောင်မြင်ခြင်းသည်လည်းကမ်းခြေတွင်
ရိုက်ခတ်သည့်လှိုင်းလုံးများကဲ့သို့သင်တို့အတွက် ပေါ်ထွက်လာမည်သာ။
၁၉ သင်တို့၏သားမြေးများသည်သဲလုံးနှင့်အမျှ များပြားကြလျက်၊
ငါသည်လည်းသူတို့အားအဘယ်အခါ၌မျှ ပျက်ပြုန်းစေခွင့်ပြုလိမ့်မည်မဟုတ်။
၂၀ ဗာဗုလုန်ပြည်မှထွက်သွားကြလော့။ လွတ်လပ်စွာထွက်ခွာသွားကြလော့။
``ထာဝရဘုရားသည်မိမိ၏အစေခံ
ဣသရေလအမျိုးသားတို့အားကယ်တော် မူပြီ'' ဟူသော သတင်းကိုဝမ်းမြောက်စွာကြွေးကြော်ကြလော့။
အရပ်တကာတွင်ကြားသိစေကြလော့။
၂၁ ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား၊ ခြောက်သွေ့ပူပြင်းသောသဲကန္တာရကိုဖြတ်၍
ခေါ်ဆောင်သွားတော်မူသောအခါသူတို့သည် ရေမငတ်ကြ။
ကိုယ်တော်သည်၊သူတို့အတွက်ကျောက်ဆောင်ထဲမှ ရေစီး၍ထွက်စေတော်မူ၏။
ကျောက်ကိုကွဲအက်စေတော်မူသဖြင့် ရေသည်စီးထွက်၍လာ၏။
၂၂ ``သူယုတ်မာတို့သည်ငြိမ်းချမ်းစွာနေရ ကြလိမ့်မည် မဟုတ်'' ဟုထာဝရဘုရားမိန့်တော်မူပါ၏။