၁၃၇
တိုင်းတစ်ပါးတွင်နေရချိန်၌ဣသရေလ အမျိုးသားတို့ညည်းတွားမြည်တမ်းခြင်း
၁ ဇိအုန်မြို့ကိုသတိရသောအခါ
ငါတို့သည်ဗာဗုလုံပြည်မြစ်ချောင်းများ အနီးတွင်ထိုင်၍ငိုကြွေးကြ၏။
၂ အနီးအနားရှိမိုးမခပင်များတွင်ငါတို့၏ စောင်းများကိုချိတ်ဆွဲထားကြ၏။
၃ ငါတို့ကိုဖမ်းသွားကြသူများက``ငါတို့အား
ဖျော်ဖြေရန်ဇိအုန်မြို့အကြောင်း သီချင်းဆိုပြပါ'' ဟုငါတို့အားခိုင်းကြ၏။
၄ ထာဝရဘုရားသခင်၏ဂုဏ်တော်ချီးမွမ်း သီချင်းကို
ငါတို့သည်အဘယ်သို့လျှင်နိုင်ငံရပ်ခြား၌ ဆိုနိုင်ကြပါမည်နည်း။
၅ အို ယေရုရှလင်မြို့၊သင့်ကိုငါမေ့လျော့ပါလျှင်
ငါသည်စောင်းကိုနောက်တစ်ဖန်အဘယ်အခါ ၌မျှ မတီးနိုင်ဘဲနေပါစေသော။
၆ ငါသည်သင့်ကိုသတိမရလျှင်သော်လည်းကောင်း၊
သင့်ကိုငါ့အားဝမ်းမြောက်ရွှင်လန်းဆုံးဖြစ်စေသည့် မြို့အဖြစ်ဖြင့်
အမြတ်တနိုးမထားလျှင်သော်လည်းကောင်း
ငါသည်နောက်တစ်ဖန်အဘယ်အခါ၌မျှ သီချင်းမဆိုနိုင်ဘဲနေပါစေသော။
၇ အို ထာဝရဘုရား၊ ယေရုရှလင်မြို့ကိုသိမ်းယူချိန်၌
ဧဒုံအမျိုးသားတို့ပြုသည့်အမှုကို သတိရတော်မူပါ။
``ဤမြို့ကိုမြေပြင်နှင့်တပြေးညီအောင်
ဖြိုဖျက်ကြလော့'' ဟုထိုသူတို့ပြောဆိုခဲ့ကြသော စကားကိုသတိရတော်မူပါ။
၈-၉ အို ဗာဗုလုန်မြို့၊သင်သည်ဖြိုဖျက်ခြင်းခံရ ပေလိမ့်မည်။
ငါတို့ကိုသင်ပြုကျင့်ခဲ့သည့်အမှုအတွက် သင့်အားလက်စားချေသူ၊
သင်၏နို့စို့ကလေးတို့ကိုကိုင်၍ကျောက်ပေါ်တွင် ဆောင့်သတ်သူသည်မင်္ဂလာရှိ၏။