၁၃၈
ကျေးဇူးတော်ချီးမွမ်းသည့်ဆုတောင်းပတ္ထနာ
၁ အို ထာဝရဘုရား၊
ကျွန်တော်မျိုးသည်စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။
ဘုရားများရှေ့တွင်ကိုယ်တော်ရှင်အား ထောမနာသီချင်းဆိုပါ၏။
၂ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏မြင့်မြတ် သန့်ရှင်းသောဗိမာန်တော်ကိုမျက်နှာမူလျက် ဦးညွှတ်ပျပ်ဝပ်ကာကိုယ်တော်ရှင်၏ခိုင်မြဲသော
မေတ္တာတော်နှင့်သစ္စာတော်ကြောင့်နာမတော်ကို ထောမနာပြုပါ၏။
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်၏ နာမတော်နှင့်ကတိတော်တို့သည်
အထွတ်အမြတ်ဆုံးဖြစ်ကြောင်းပြသ တော်မူပြီ။
၃ ကိုယ်တော်ရှင်အားကျွန်တော်မျိုးဟစ်ခေါ်သော အခါ
ကိုယ်တော်ရှင်သည်ထူးတော်မူ၍ကျွန်တော်မျိုးအား အားသစ်လောင်းတော်မူပါ၏။
၄ အို ထာဝရဘုရား၊
ကမ္ဘာမြေကြီးပေါ်ရှိဘုရင်အပေါင်းတို့သည်
ကိုယ်တော်ရှင်၏ကတိတော်များကိုကြား သိရသဖြင့် ကိုယ်တော်ရှင်အားထောမနာပြုကြပါလိမ့်မည်။
၅ သူတို့သည်ကိုယ်တော်ပြုတော်မူသောအမှုတော်
အကြောင်းကိုလည်းကောင်း၊
ကိုယ်တော်၏ကြီးမြတ်သောဘုန်းအသရေတော် အကြောင်းကိုလည်းကောင်း
သီချင်းဆိုကြပါလိမ့်မည်။
၆ ကိုယ်တော်သည်လွန်စွာကြီးမြတ်တော်မူသော်လည်း နိမ့်ကျသူတို့အားကြည့်ရှုစောင့်ရှောက်တော်မူ၏။
မာန်မာနကြီးသူတို့ကိုမူကားအဝေးက သိတော်မူ၏။
၇ ဒုက္ခများပတ်လည်ဝိုင်းလျက်နေချိန်၌ပင်လျှင်
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အသက်ကို ကာကွယ်တော်မူပါ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ရန်သူတို့၏ အမျက်ကိုဆီးတားတော်မူလျက်
တန်ခိုးတော်အားဖြင့်ကျွန်တော်မျိုးကို ကယ်တော်မူပါ၏။
၈ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား
ကတိထားတော်မူသည့်အတိုင်းပြုတော်မူ ပါလိမ့်မည်။
အို ထာဝရဘုရား၊
ကိုယ်တော်ရှင်၏မေတ္တာတော်သည် ထာဝစဉ်တည်တော်မူပါ၏။
အစပြုတော်မူသောအမှုတော်ကို ပြီးစီးစေတော်မူပါ။