၅၄
ရန်သူများမှကွယ်ကာရန်ဆုတောင်းပတ္ထနာ
၁ အို ဘုရားသခင်၊
ကိုယ်တော်ရှင်၏တန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးအားကယ်တော်မူပါ။
ကျွန်တော်မျိုးအားကိုယ်တော်၏အာနုဘော် အားဖြင့် လွတ်မြောက်စေတော်မူပါ။
၂ ဘုရားသခင်၊ကျွန်တော်မျိုး၏ဆုတောင်း ပတ္ထနာကို ကြားတော်မူပါ။
ကျွန်တော်မျိုးတောင်းလျှောက်သောစကားတို့ကို နားထောင်တော်မူပါ။
၃ မာန်မာနကြီးသူတို့သည်ကျွန်တော်မျိုးအား တိုက်ခိုက်ရန်လာကြပါပြီ။
ဘုရားကိုပမာဏမပြုသည့်
ရက်စက်ကြမ်းကြုတ်သူတို့သည်ကျွန်တော်မျိုး အား သတ်ရန်ကြိုးစားကြပါ၏။
၄ သို့ရာတွင်ဘုရားသခင်သည်ငါ့ကိုကူမတော် မူသော အရှင်ဖြစ်၏။
ငါ၏ဘက်မှခုခံကာကွယ်တော်မူသောအရှင် ဖြစ်၏။
၅ ငါ၏ရန်သူတို့၏ဆိုးညစ်မှုသည်သူတို့အား
ပြန်လည်၍ဒဏ်ခတ်စေရန်ဘုရားသခင် စီရင်တော်မူပါစေသော။
ကိုယ်တော်သည်သစ္စာစောင့်တော်မူသည်ဖြစ်၍ သူတို့အားသုတ်သင်ပယ်ရှင်းတော်မူလိမ့် မည်။
၆ အို ထာဝရဘုရား၊
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ဝမ်းမြောက်စွာယဇ်ပူဇော်ပါမည်။
ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူသည် ဖြစ်၍
ကျွန်တော်မျိုးသည်ကျေးဇူးတော်ကိုချီးမွမ်း ပါမည်။
၇ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားဆင်းရဲ ဒုက္ခအပေါင်းမှကယ်ဆယ်တော်မူပါပြီ။
ကျွန်တော်မျိုးသည်ရန်သူတို့အရေးရှုံးနိမ့် ကြသည်ကို တွေ့မြင်ရပါပြီ။