၅၅
သစ္စာ​မဲ့​မိတ်​ဆွေ​စွန့်​ပယ်​ခြင်း​ခံ​ရ​သူ​၏ ဆု​တောင်း​ပတ္ထ​နာ11
၁ အို ဘု​ရား​သ​ခင်၊
ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​ကြား​တော်​မူ​ပါ။
ကျွန်​တော်​မျိုး​ပန်​ကြား​သော​အ​ခါ မျက်​နှာ​လွှဲ​တော်​မ​မူ​ပါ​နှင့်။
၂ ကျွန်​တော်​မျိုး​တောင်း​လျှောက်​သည်​ကို နား​ထောင်​တော်​မူ​၍​ထူး​တော်​မူ​ပါ။
ကျွန်​တော်​မျိုး​သည်​စိုး​ရိမ်​ပူ​ပန်​မှု​များ​ဖြင့် အား​အင်​ကုန်​ခန်း​လျက်​နေ​ပါ​၏။
၃ ရန်​သူ​များ​၏​ခြိမ်း​ခြောက်​မှု​ကြောင့်​ကျွန်​တော်​မျိုး ကြောက်​လန့်​ပါ​၏။
သူ​ယုတ်​မာ​တို့​၏​နှိပ်​စက်​ညှဉ်း​ဆဲ​မှု​ကြောင့် ကျွန်​တော်​မျိုး​စိတ်​ပျက်​အား​လျော့​ပါ​၏။
သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​ဆင်း​ရဲ​ဒုက္ခ ရောက်​စေ​ကြ​ပါ​၏။
သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​အ​မျက်​ထွက်​၍ မုန်း​ကြ​ပါ​၏။
၄ ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​သည်​ကြောက်​လန့်​လျက် နေ​ပါ​၏။
သေ​ဘေး​ကို​လွန်​စွာ​ထိတ်​လန့်​လျက်​ရှိ​ပါ​၏။
၅ ကြောက်​လန့်​တုန်​လှုပ်​လျက်၊လွန်​စွာ​တုန်​လှုပ် ချောက်​ချား​လျက်​ရှိ​ပါ​၏။
၆ အ​ကယ်​၍​ချိုး​ငှက်​ကဲ့​သို့​ငါ့​မှာ​အ​တောင်​များ
ရှိ​ခဲ့​ပါ​မူ​ငါ​သည်​အ​ဝေး​သို့​ပျံ​သွား​ကာ နား​နေ​စ​ရာ​အ​ရပ်​ကို​ရှာ​မည်။
၇ ငါ​သည်​အ​လွန်​ဝေး​ရာ​အ​ရပ်​သို့​ပျံ​သွား​လျက် တော​ကန္တာ​ရ​တွင်​နေ​ထိုင်​ပါ​မည်။
၈ ငါ​သည်​လျင်​မြန်​စွာ​သွား​၍​လေ​ပြင်း​နှင့်
မိုး​သက်​မုန်​တိုင်း​တို့​မှ​အ​ကာ​အ​ကွယ်​ကို​ရှာ​မည်။
၉ အို ဘု​ရား​ရှင်၊
ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​ပြော​ဆို​သည့် စ​ကား​များ​ကို​ရှုပ်​ထွေး​စေ​တော်​မူ​ပါ။
မြို့​တွင်း​၌​အ​ကြမ်း​ဖက်​မှု​နှင့်​လု​ယက်​မှု​တို့​ကို ကျွန်​တော်​မျိုး​မြင်​ပါ​၏။
၁၀ ထို​သူ​တို့​သည်​မြို့​ကို​နေ့​ည​မ​ပြတ်​ဝိုင်း​ရံ​ထား ကြ​ပါ​၏။
မြို့​ထဲ​တွင်​ရာ​ဇ​ဝတ်​မှု၊နှောင့်​ယှက်​မှု​များ​နှင့် ပြည့်​နှက်​လျက်​ရှိ​ပါ​၏။
၁၁ နေ​ရာ​တ​ကာ​တွင်​အ​ပျက်​အ​စီး​များ​ရှိ​နေ​ပါ​၏။
လမ်း​များ​၌​နှိပ်​စက်​ညှဉ်း​ဆဲ​မှု၊လိမ်​လည် လှည့်​စား​မှု​များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​ပါ​၏။
၁၂ အ​ကယ်​၍​ငါ့​အား​ပြောင်​လှောင်​သူ​သည်
ငါ​၏​ရန်​သူ​ဖြစ်​ခဲ့​သော်​ငါ​သည်​သည်း​ခံ​နိုင် ပါ​၏။
ငါ့​ကို​အ​ကြောင်း​ပြု​၍​ကြွား​ဝါ​သော​ရန်​ဘက် ဖြစ်​ခဲ့​သော် ငါ​သည်​သူ့​ကို​ရှောင်​ရှား​နိုင်​၏။
၁၃ သို့​ရာ​တွင်​ယင်း​သို့​ပြု​သူ​မှာ​ငါ​၏​အ​ပေါင်း​အ​ဖော်၊ လုပ်​ဖော်​ဆောင်​ဘက်၊
ရင်း​နှီး​သည့်​မိတ်​ဆွေ​ဖြစ်​သူ​ပင်​ဖြစ်​ပါ​သည်​တ​ကား။
၁၄ သင်​နှင့်​ငါ​သည်​ရင်း​နှီး​စွာ​ဆွေး​နွေး​တိုင်​ပင်​ခဲ့​ကြ​၏။
ဗိ​မာန်​တော်​တွင်​လည်း​အ​တူ​တူ ကိုး​ကွယ်​ဝတ်​ပြု​ခဲ့​ကြ​၏။
၁၅ ငါ​၏​ရန်​သူ​များ​သည်​သေ​နေ့​မ​စေ့​မီ သေ​ရ​ကြ​ပါ​စေ​သော။
အ​ရှင်​လတ်​လတ်​သေ​ရွာ​သို့​သွား​ရ​ကြ​ပါ​စေ​သော။
သူ​တို့​၏​နေ​အိမ်​များ​သည်​ဆိုး​ညစ်​မှု​ကြီး​စိုး​ရာ ဌာ​န​များ​ဖြစ်​ကြ​၏။
သူ​တို့​၏​စိတ်​နှ​လုံး​သည်​ဆိုး​ညစ်​မှု​နှင့် ပြည့်​နှက်​လျက်​ရှိ​၏။
၁၆ ငါ​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​သို့ ကူ​မ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။
ကိုယ်​တော်​သည်​ငါ့​ကို​ကယ်​တော်​မူ​လိမ့်​မည်။
၁၇ ငါ​၏​ညည်း​တွား​မြည်​တမ်း​သံ​များ​သည်​နံ​နက်​ချိန်၊ မွန်း​တည့်​ချိန်၊ညဥ့်​အ​ချိန်​တို့​၌
အ​ထံ​တော်​သို့​ရောက်​သ​ဖြင့်​ကိုယ်​တော်​သည် ကြား​တော်​မူ​လိမ့်​မည်။
၁၈ ဤ​မျှ​များ​လှ​သော​ရန်​သူ​တို့​နှင့်
တိုက်​ခိုက်​ရာ​စစ်​ပွဲ​များ​မှ​ငါ့​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ ပြန်​လာ​စေ​တော်​မူ​လိမ့်​မည်။
၁၉ ရှေး​ကမ္ဘာ​အ​ဆက်​ဆက်​မှ​စ​၍ လူ​သတ္တ​ဝါ​အ​ပေါင်း​တို့​အား
ပိုင်​သ​အုပ်​စိုး​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်
ငါ​၏​ပတ္ထနာ​စ​ကား​ကို​ကြား​၍​ရန်​သူ​တို့​အား အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​လိမ့်​မည်။
အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​စိတ်​နှ​လုံး ပြောင်း​လဲ​မှု​မ​ရှိ​ကြ။
ကိုယ်​တော်​ကို​လည်း​မ​ကြောက်​ရွံ့​ကြ​သော​ကြောင့် ဖြစ်​၏။
၂၀ ငါ​၏​မိတ်​ဆွေ​ဟောင်း​သည်​မိ​မိ​၏​မိတ်​ဆွေ​များ​ကို တိုက်​ခိုက်​၍​မိ​မိ​၏​က​တိ​ကို​လည်း​ဖျက်​၏။
၂၁ သူ​၏​စ​ကား​တို့​သည်​ထော​ပတ်​ထက်​ပင် ချော​မွတ်​သော်​လည်း
သူ​၏​စိတ်​နှ​လုံး​ထဲ​၌​မူ​ကား မုန်း​တီး​တတ်​သော​သ​ဘော​ရှိ​၏။
သူ​၏​စ​ကား​တို့​သည်​ဆီ​ကဲ့​သို့​ပျော့​ပျောင်း သော်​လည်း ထက်​သော​ဋ္ဌား​ကဲ့​သို့​ထိ​ခိုက်​နာ​ကြင်​စေ​တတ်​၏။
၂၂ သင်​၏​ဝန်​ကို​ထာ​ဝ​ရ​ဘု​ရား​အား​လွှဲ​အပ်​လော့။
ကိုယ်​တော်​သည်​သင့်​ကို​ကွယ်​ကာ​စောင့်​ရှောက် တော်​မူ​လိမ့်​မည်။
သူ​တော်​ကောင်း​တို့​ကို​အ​ဘယ်​အ​ခါ​၌ အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။
၂၃ သို့​ရာ​တွင် အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​သည် လူ​သတ်​သ​မား​များ​နှင့်​လူ​လိမ်​များ​အား
သူ​တို့​သက်​တမ်း​ထက်​ဝက်​မ​ကျိုး​မီ​သင်္ချိုင်း တွင်း​သို့ သက်​ဆင်း​စေ​တော်​မူ​မည်။
ကျွန်​တော်​မျိုး​မူ​ကား​ကိုယ်​တော်​ရှင်​ကို​ကိုး​စား ပါ​မည်။
11 ၅၅: * ဟေ​ဗြဲ​ခေါင်း​စဉ်။ ဒါ​ဝိဒ်​စပ်​ဆို​သော​ဆာ​လံ။